ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မန္တလေးမြို့စည်ပင်သာယာပိုင်မြေများ တွင် ဘီအိုတီစနစ်ဖြင့် ငှားရမ်းထားသော မန္တလေးစီးတီးဟိုတယ်၊ ဟိုတယ်မန္တလေးတို့အား စာချုပ်သက်တမ်း နှစ် ၂၀ နှင့် နှစ် ၃၀ ပြည့်ပြီးနောက်တွင် ဆက်လက် သက်တမ်းတိုးမြှင့်မည် မဟုတ်ဘဲ မြို့တော်စည်ပင်က ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။
“ဟိုတယ်မန္တလေးက လာမယ့်ခုနစ် နှစ်၂၀၂၆ ဆို ပြည့်ပြီ။ မန္တလေးစီးတီးဟိုတယ်က ၂၀၂၄ မှာ ပြည့်မှာပါ။ စာချုပ်သက်တမ်းပြည့်မယ့်နှစ် သိပ်မကွာပါဘူး။ မင်းသားကြီးဟိုတယ်ကတော့ ကျွန်တော်တို့တက်မလာခင် ရက်ပိုင်းအလိုကမှ သက်တမ်းတိုးသွားတာ ဖြစ်တဲ့အတွက် မြေငှားရမ်းခကိုပဲ သင့်တင့်မျှတတဲ့ ဈေးရရှိအောင် တိုးမြှင့်တောင်းရမ်းသွားမှာ ဖြစ်တာကြောင့် မင်းသားကြီးဟိုတယ်ရဲ့ လက်ရှိငှားရမ်းခကို နှစ်ဆတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဟိုတယ်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေက ပဋိညာဉ်စာချုပ်တွေနဲ့ ချုပ်ဆိုထားတာဖြစ်ပါတယ်။ စာချုပ်မှာ ပါဝင်တာက နှစ်ဦးနှစ်ဖက်သဘောတူမှသာ ပြင်ဆင်ခွင့်ရှိပြီး နှစ်ဦးနှစ်ဖက်သဘောမတူပါက ပြင်ဆင်ခွင့်မရှိလို့ ပါဝင်တာဖြစ်တဲ့အတွက် ညှိရနှိုင်းရတာ တော်တော် လုပ်ရကိုင်ရ ခက်ပါ တယ်။ နှစ်လုံးပေါက် အစည်းအဝေးတွေလုပ်၊ အကြိမ်ကြိမ်ညှိနှိုင်းပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။ တခြားသော ဥပမာကန်တော်ကြီးစောင်းက စည်ပင်ပိုင်မြေတွေမှာ ဆောက်လုပ်ထားတဲ့ စီးပွားရေး အဆောက်အအုံတွေဆိုရင်လည်း အရင်အစိုးရ တောင်းဆိုသွားတဲ့ဈေးထက် ကျွန်တော့်လက်ထက်မှာ သုံးဆကနေ ငါးဆထိ တိုးမြှင့်ထားပြီးသားဖြစ်ပါတယ်။ မြို့တော်အတွက် စည်ပင်ပါ” ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ဆိုသည်။
မဟာအောင်မြေမြို့နယ် ၇၈_ ၃၇ လမ်းထောင့်ရှိ စည်ပင်ပိုင်မြေ ၁ ဒသမ ၆၅ ဧကကို အေကေဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီအား (၉.၉.၁၉၉၇) မှ (၈.၉.၂၀၂၇) ထိ တစ်နှစ်မြေငှားခ ကျပ်သန်း ၁ ဒသမ ၅၀၀ ဖြင့် နှစ်သုံးဆယ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေငှားခအနေဖြင့် တစ်လလျှင် ကျပ်နှစ်သိန်းကျော် (၂၁၈၆၂၅ ဒသမ ၇၈ ကျပ်) နှင့် ထပ်ဆောင်း မြေငှားခ ၃၁ သိန်းကျော် (၃၁၈၈၈၄၇ ဒသမ ၈၂) ကျပ်နှုန်းရရှိခဲ့ပြီး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၈၂ နှင့် ၈၃ ကြားရှိ စည်ပင်ပိုင်မြေ ၁ ဒသမ ၃၂၇၀ ဧကအား မန္တလေးစီးတီးဟိုတယ်အဖြစ် အောင်ပင်လယ်ကုမ္ပဏီအား တစ်နှစ်လျှင် သိန်း ၁၀၀ နှုန်းဖြင့် ၆.၅.၂၀၂၄ အထိ နှစ် ၂၀ စာချုပ်ဖြင့် ငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းဘေးရှိ စည်ပင်သာယာပိုင်မြေ ၆ ဒသမ ၂၅ ဧကအား အေကေဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီက (၇.၆.၁၉၉၆) မှ (၆.၆.၂၀၁၇) နေ့ထိ နှစ် ၂၀ စာချုပ်ချုပ်ဆိုကာ တစ်နှစ်လျှင် ကျပ်သိန်း၅၀ နှုန်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး NLD အစိုးရ မတက်ခင် ၂၀၁၆ မတ်၂၉ ရက်တွင် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပြီး ပြင်ဆင်ချုပ်ဆိုသည့်စာချုပ်အရ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေနှင့် အဆောက်အအုံငှားရမ်းခ တစ်လလျှင် ကျပ်ခြောက်သိန်းကျော်(၆၃၃၆၉၇ ဒသမ ၉၂) ကျပ်နှုန်းရရှိခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group