ဗဟုသုတ | Posted by ဇာနည်ကျော်
တရုတ်ပြည်၊ ချုံကင်းမြို့။
တရုတ်ပြည် ချုံကင်းမြို့ဆိုလျှင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်တို့၏ ဗုံးဒဏ် အပြင်းအထန်ခံစားခဲ့ရသောမြို့ကြီးအဖြစ် လူသိများသည်။
ဒုတိယကမ္ဘာစစ်အတွင်း ချုံကင်းမြို့ကြီးကို ဂျပန်တို့က ၂၆၈ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စုစုပေါင်းအားဖြင့် ဗုံးတန်ချိန် ၃၀၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရပြီး မြို့သူမြို့သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
ချုံကင်းမြို့ကို တိုက်ခိုက်ရာတွင် ဂျပန်တို့ အသုံးပြုခဲ့သောဗုံးများအနက် အများစုမှာ မီးလောင်ဗုံးများ ဖြစ်ကြသည်။
စာရေးဆရာသိန်းဖေမြင့်သည် ဒုတိယကမ္တာစစ်အတွင်း မြန်မာကွန်မြူနစ် ခေါင်းဆောင်တစ်ဦးအနေဖြင့် ချုံကင်းမြို့တွင် တရုတ် ခေါင်းဆောင် ချူအင်လိုင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။
ထိုသို့ သမိုင်းများရှိခဲ့သော ချုံကင်းမြို့ကလေးတွင် တစ်လလျှင် ၁၆ ဒေါ်လာ (မြန်မာငွေ ၂ သောင်းကျော်- ယနေ့ခေတ် ပေါက်ဈေးဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်) သာ လစာရရှိသော စက်ရုံအလုပ်သမကလေးဘဝမှ ကန်ဒေါ်လာ ၈ ဘီလီယံကျော် ချမ်းသာလာသော အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးမကြီးတစ်ဦး ပေါ်ပေါက်ခဲ့ဖူးသည်။
ဝူယကျီန်သည် ချမ်းသာသောမိဘမျိုးရိုးမှ မွေးဖွားလာသူ မဟုတ်ချေ။
ယနေ့ခေတ်တွင် လူဦးရေ သန်း ၃၀ ခန့် အခြေချနေထိုင်ကြသော ချုံကင်းမြို့ကလေးတွင် ၁၉၆၄ ခုနှစ်၌ မွေးဖွားခဲ့သည်။
ဝူယကျီန်သည် ဇာတိမြို့ရှိ နိုင်ငံပိုင် Qianwei Meter Factory စက်ရုံတွင် တစ်လလျှင် ၁၆ ဒေါ်လာဖြင့် ၄ နှစ်ခန့် လုပ်ကိုင်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ၁၉၈၈ ခုနှစ်တွင် China Shirong သတင်းအေဂျင်စီတွင် အိမ်ခြံမြေသတင်းထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။
အဆိုပါသတင်းအေဂျင်စီကို တည်ထောင်ထားသည်မှာ ချုံကင်းအုပ်ချုပ်ရေးအဖွဲ့ ဆောက်လုပ်ရေးလုပ်ငန်းဗျူရိုမှ ဖြစ်သည်။
ဝူယကျီန်သည် အိမ်ခြံမြေသတင်းထောက်ဘဝဖြတ်သန်းရင်း အိမ်ခြံမြေလောကတွင် ဗဟုသုတများ ၊ အဆက်အသွယ်များ ရလာသည်။
ထိုကာလများသည် တရုတ်သတင်းစာများအတွက် အကျိုးအမြတ်ဖြစ်ထွန်းမှုအရှိဆုံး ရွှေခေတ်ဖြစ်ခဲ့ကြောင်း The Economist က ဖော်ပြခဲ့ဖူးသည်။
ယင်းနောက်ပိုင်း အိမ်ခြံမြေလောကသို့ ပြောင်းလဲခြေချခဲ့သည်။
၁၉၉၃ ခုနှစ်တွင် သူ၏ ခင်ပွန်း (ဟောင်း) နှင့်အတူ ပထမဆုံးလူနေခန်းကို ဝယ်ယူရန် ကြိုးပမ်းခဲ့ရာ၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
သဘာဝဓာတ်ငွေ့မရရှိခြင်း၊ မီးစနစ်များ ၊ ဓာတ်လှေကား အစရှိသည်တို့ အားနည်းခြင်းများ ရင်ဆိုင်ခဲ့ရပြီးနောက် ခင်ပွန်း ခိုင်ကွေနှင့်အတူ နောင်အခါတွင် Longfor Properties ဖြစ်လာမည့် ကုမ္ပဏီတစ်ခု တည်ထောင်ရန် စိတ်ကူးရခဲ့သည်။
သို့နှင့် ခိုင်ကွေနှင့် ဝူယကျီန်တို့သည် ကနဦးမတည်ငွေ ယွမ်ငွေ ၁၀ သန်းဖြင့် ၁၉၉၅ ခုနှစ်တွင် Chongqing Zhongjianke Real Estate Co Ltd ကို စတင်တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ကုမ္ပဏီအမည်ကို Longfor Properties ဟု အမည်ပြောင်းလဲခဲ့သည်။
ဝူယကျီန်၏ ကုမ္ပဏီသည် ပေကျင်း၊ ချန်ဒူး၊ ဒါလျန်းနှင့် ချန်ကျုံးကဲ့သို့ အရေးပါသည့်မြို့ကြီးများတွင် လျင်မြန်စွာ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် Longfor Properties က ကုမ္ပဏီ၏ ပထမဆုံးလူနေအိမ်အိမ်ရာ စီမံကိန်းကို ဝူယကျီန်၏ ဇာတိမြို့ဖြစ်သော ချုံကင်း တွင် စတင်ရောင်းချခဲ့ရာ စတုရန်း ၁ မီတာလျှင် ကန်ဒေါ်လာ ၁၅၇ ဒေါ်လာဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
ဝူယကျီန်သည် ခင်ပွန်းဖြစ်သူနှင့်အတူ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း Longfor Properties ဟူသော အမည်ဖြင့် အိမ်ခြံမြေကုမ္ပဏီ တည်ထောင်ပြီး နောက်ပိုင်း တဖြည်းဖြည်းချင်း ကြွယ်ဝချမ်းသာလာခဲ့ခြင်း ဖြစ်သည်။
Longfor သည် ဟောင်ကောင်တွင် အခြေစိုက်သော်လည်း မြို့ကြီးပေါင်း ၄၇ မြို့တွင် လုပ်ငန်းများ လည်ပတ်လုပ်ဆောင်သည်။
Longfor Properties သည် တရုတ်ပြည်၏ အစောဆုံး ဈေးဝယ်စင်တာ DEVELOPER များတွင် အပါအဝင်ဖြစ်ခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း Longfor Properties ၏ ဈေးဝယ်စင်တာများသို့ လာရောက်ဝယ်ယူအားပေးသူ သန်း ၃၀၀ ခန့် ရှိခဲ့ကြောင်း ခန့်မှန်းထားသည်။
ဝူယကျီန်သည် အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဝူယကျီန်သည် တရုတ်ပြည်၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး ဖြစ်လာသည်။
ထိုနှစ်အတွင်း ဝူယကျီန်၏ ကြွယ်ဝမှုမှာ ယွမ်ငွေ ၃၈ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၁၂ ဘီလီယံ) ရှိခဲ့ပြီး ယခုအချိန်၌ တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးအဖြစ် ရပ်တည်နေသူ Country Garden မှ ယန်ဟွေ့ယန်မှာ ထိုစဉ်က တတိယနေရာတွင်သာ ရပ်တည် ခဲ့သည်။
ထိုနှစ်အတွင်းတွင်ပင် ခင်ပွန်းနှင့် ကွာရှင်းခဲ့ရာ အချမ်းသာဆုံးအမျိုးသမီးအဆင့်မှ လျှောကျခဲ့သည်။
ကုမ္ပဏီတွင် ပိုင်ဆိုင်ထားသော ရှယ်ယာများမှ ၄၀ ရာခိုင်နှုန်းခန့်ကို ခင်ပွန်းအား လွှဲပြောင်းပေးလိုက်ရသောကြောင့် ကန်ဒေါ်လာ ၃ ဘီလီယံနီးပါးခန့် ဆုံးရှုံးနည်းပါးသွားခဲ့သည်။
သို့ရာတွင် ဝူယကျီန်၏ ချမ်းသာကြွယ်ဝမှုမှာ တိုးပွား၍သာလာလျက်ရှိရာ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး ဘီလီယံနာများစာရင်းတွင် နံပါတ် ၇ နေရာ၌ ရပ်တည်ခဲ့ပြီး ထိုစဉ်က ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဖြစ်သည်။
ဝူယကျီန်သည် ဆိတ်ဆိတ်သာနေလေ့ရှိသော ဘီလျံနာတစ်ဦးအဖြစ်လည်း နာမည်ကျော်သည်။
၎င်းနှင့် စပ်လျဉ်းသည့်အချက်အလက်များ မသိရှိကြခြင်းကြောင့် ၂၀၀၃ ခုနှစ်အတွင်း တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်း ထုတ်ပြန်ရာတွင် ဝူယကျီန်၏ အမည်ကို စာလုံးပေါင်းမှားယွင်းစွာဖြင့် ဖော်ပြခဲ့ရာ အမျိုးသားတစ်ဦးဖြစ်မည်ဟု အများက မှတ်ထင်ခဲ့ ကြသည်။
လူသိများကျော်ကြားမှုနှင့် သတင်းမီဒီယာတို့အား အဘယ်ကြောင့်ရှောင်ရှားရသည်ဆိုခြင်းနှင့် စပ်လျဉ်း၍ ဝူယကျီန်က ပြောကြားရာတွင် “ကျွန်မမှာ ပြောစရာ ဘာမှမရှိလို့ပါ။ ကျွန်မဟာ ကိုယ့်အလုပ်အပေါ်ကိုယ် အာရုံစိုက်နေသူတစ်ဦးသာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ ဖူးသည်။
Longfor Properties သည် တရုတ်အိမ်ခြံမြေဈေးကွက်တွင် မူလက လူမသိသူမသိ ကုမ္ပဏီငယ်လေးသာဖြစ်ပြီး မမျှော်လင့်ဘဲ အောင်မြင်မှုရသွားသော dark horse ဟုခေါ်သော ပေါက်ကောင်သဖွယ် ဖြစ်၏။
သူဌေးမကြီး ဝူယကျီန်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကုမ္ပဏီ ဥက္ကဌရာထူးမှ နှုတ်ထွက်ခဲ့ပြီး ပိုင်ဆိုင်ထားသော ရှယ်ယာ ၄၄ ရာခိုင်နှုန်းလုံးကို သမီးဖြစ်သူ ကိုင်ရှင်းယီသို့ လွှဲပြောင်းပေးခဲ့သည်။
(သမီးဖြစ်သူအား ပိုင်ဆိုင်မှုများ လွှဲပြောင်းပေးခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက
https://www.imyanmarhouse.com/news/read/810281 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
Longfor Properties သည် ၂၀၁၇ ခုနှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံအထိရှိခဲ့ကြောင်း ဘလွန်းဘာ့ခ်ျက ဖော်ပြဖူး သည်။
Longfor Properties ကို ယခုအခါ Longfor Group Holdings ဟု အမည်ပြောင်းလဲထားသည်။
ဝူယကျီန်သည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၆ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ၂၀၀၇ မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
ဝူယကျီန်၏ ပိုင်ဆိုင်မှုကို ကန်ဒေါ်လာ ၈ ဘီလီယံကျော်ဟု တွက်ချက်ထားခြင်းမှာ Longfor Properties တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာတန်ဖိုးများကိုသာ တွက်ချက်ထားခြင်းဖြစ်ပြီး အခြားပိုင်ဆိုင်မှုများကို ထည့်သွင်းတွက်ချက်ပါက မည်မျှပိုင်ဆိုင်သည် ဟူသည် ကိုမူ မသိရချေ။
Bloomberg က ဖော်ပြသော ဘီလျံနာညွှန်းကိန်းအရ ဝူယကျီန်သည် ကမ္ဘာပေါ်တွင် ကိုယ့်ထူးကိုယ်ချွန် အချမ်းသာဆုံး အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုမှ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန်အမျိုးသမီးမှာ ဒိုင်ယန်း ဟန်းဒရစ်ဖြစ်ပြီး ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံခန့် ဖြစ်သည်။
ကမ္ဘာပေါ်တွင် အချမ်းသာဆုံး အမျိုးသမီးမှာမူ L'Oreal ၏ အမွေဆက်ခံသူ ဖရန်ဆွာ ဘက်တန်ကော့ထ် မေယာစ်ဖြစ်ပြီး ကန်ဒေါ်လာ ၅၀ ဒသမ ၉ ဘီလီယံခန့် ချမ်းသာကြွယ်ဝသည်။
ယနေ့တွင်ကား ဟောင်ကောင်တွင် အခြေစိုက်ကာ မြို့ကြီးပေါင်း ၄၇ မြို့တွင် လုပ်ငန်းလည်ပတ်နေပြီး ၂၀၁၇ ခုနှစ် အချက်အလက်များအရ ဘဏ္ဍာငွေ ကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံအထိ ရှိသည်။
ဝန်ထမ်းပေါင်း ၁၀၀၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေပြီး ၁၉၉၃ ခုနှစ်မှ ယနေ့အထိ Longfor Properties သည် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၂၁ ခု၊ လူနေအိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၁၀၀ ကျော် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။
ဝူယကျီန်သည် တရုတ်ပြည်တွင် တတိယမြောက် အချမ်းသာဆုံး အမျိုးသမီးဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ အချမ်းသာဆုံးအမျိုးသမီးများတွင် နံပါတ် ၂၂ နေရာ၌ ရပ်တည်နေသည်။
တရုတ်ပြည်တွင်း၌ ကျား၊ မစာရင်း မခွဲခြားသည့် ချမ်းသာကြွယ်ဝသူအားလုံး ပါဝင်သည့်စာရင်းတွင် ဝူယကျီန်သည် ပဉ္စမနေရာတွင် ရပ်တည်နေသည်။
China daily တွင် ဖော်ပြသော ၂၀၁၈ ခုနှစ် တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးများစာရင်းတွင် ဝူယကျီန်ကို ယွမ်ငွေ ၅၈ ဒသမ ၅ ဘီလီယံကြွယ်ဝသည်ဟု ခန့်မှန်းထားပြီး နံပါတ် ၂ နေရာတွင် ဖော်ပြထားသည်။ အဆိုပါစာရင်းတွင် နံပါတ် ၁ နေရာ၌ ရပ်တည်နေသူမှာ Country Garden မှ ယန်းဟွေ့ယန်ဖြစ်ပြီး ယွမ်ငွေ ၁၅၀ ဘီလီယံ ကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။
အမျိုးသားပြည်သူ့ကွန်ဂရက်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့သြဇာအလွှမ်းဆုံး အမျိုးသမီးများစာရင်းတွင် နံပါတ် ၄၁ နေရာ၌ ဖော်ပြခြင်းခံရသည်။
Bloomberg က ဖော်ပြသော ဘီလျံနာညွှန်းကိန်းအရ ဝူယကျီန်သည် တစ်ကမ္ဘာလုံးတွင် အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုအတွင်း အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးမှာ ဒိုင်ယန်း ဟန်းဒရစ်စ်ဖြစ်ပြီး အမေရိကန်ပြည်တွင် အိမ်မိုးပစ္စည်းများ အကြီးမားဆုံးလက္ကားဖြန့်ဖြူးသည့် ABC Supply ကို တည်ထောင်သူ ဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးမှာမူ L’Oreal မှ ဖရန်ဆွာ ဘက်တန်းကော့ မိုင်ယာစ် (Francoise Bettencourt Meyers) ဖြစ်ပြီး ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅၀ ဒသမ ၉ ဘီလီယံ ဖြစ်သည်။
မှတ်ချက်။ ။ မိတ်ဆွေသည် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏ ဆောက်လုပ်ရေးလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ (၂.၄) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)