ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မန္တလေးတိုင်းအတွင်းဖော်ဆောင်နေသော မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းသည် လာမည့် ၅ နှစ်အတွင်း လုပ်ငန်းများပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ယင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် Mandalay Myotha Industrial Development Public Co,ltd ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။
စီမံကိန်းကာလမှာ ၁၅ နှစ်ဖြစ်သော်လည်း ဆောလျင်စွာပြီးစီးနိုင်ကြောင်း၊ သို့သော်စီမံကိန်းအကောင်အထည် ဖော်ရာတွင် အခက်အခဲများစွာရှိနေကြောင်း ၎င်းက ဆိုသည်။
မန္တလေးသည် မြန်မာနိုင်ငံ၏ စီပွားရေးအချက်အချာဖြစ်သကဲ့သို့ အာရှလမ်းမကြီးများလည်း ဖြတ်သန်းသွားရာ ဖြစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)နှင့် နီးခြင်း စသည်တို့ကြောင့် ယင်းစီမံကိန်းတွင် ရင်းနှီးမြုပ်နှံမှု အလားအလာကောင်းများကို တွေ့ရနေရကြောင်း ယင်းတိုင်းစက်မှုနှင့် လျှပ်စစ်ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။
မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးစုစုပေါင်း ကျပ် ၂၉၈ ဘီလီယံခန့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၈ မီလီယံ မြှုပ်နှံထားကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။
ယင်းစီမံကိန်းနယ်မြေအတွင်းတွင် မြေယာလျော်ကြေးမယူရသေးသော တောင်သူများရှိပြီး အစိုးရသတ်မှတ်ထားသည့် နှုန်းများအတိုင်း လာရောက်ယူနိုင်ကြောင်း ယင်းစီမံကိန်း အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်က ပြောကြားသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် Mandalay Myotha Industrial Development Public Co,ltd က ၂၀၁၁ ခုနှစ်မှစတင်ကာ မန္တလေးမြို့သာစက်မှုဇုံစီမံကိန်းကို မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့အနီးတွင် လည်းကောင်း၊ ဆီမီးခုံ(သင်္ဘောဆိပ်ကမ်း)စီမံကိန်းကို မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာအနီးတွင်လည်းကောင်း တည်ဆောက်ခဲ့သည်။
Credit: The Voice