ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်အမျိုးသားဘောလုံးလိဂ် -National Football League (NFL) ကြယ်ပွင့်တစ်ဦးဖြစ်သော ကယ်လင်ဝင်းစလိုသည် အာမခံ ရုပ်သိမ်းခံရပြီး ထောင်သွင်းအကျဉ်းချထားခြင်း ခံလိုက်ရပြီဖြစ်သောကြောင့် အမှုရင်ဆိုင်ရန်အတွက် သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီဂိုခရိုင်၊ အန်းစင်နီတပ်စ် ပင်လယ်ကမ်းခြေမြို့ကလေးရှိနေအိမ်ကို ဇနီးဖြစ်သူ ဂျနဲလီက ဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။ ဝင်းစလိုသည် ၂၀၁၈ ခုနှစ်၊ ဇွန်လကတည်းကပင် မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုတို့ဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။
ထိုစဉ်က အာမခံငွေ ကန်ဒေါ်လာ ၂ သန်းဖြင့် အာမခံရခဲ့ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။
မတ်လအစောပိုင်းတွင်ကား အခြားမဖွယ်မရာမှု ၂ ခု ထပ်မံကျူးလွန်သည်ဟု တိုင်ကြားခံရသည်။
နောက်ဆုံးတိုင်ကြားခံရမှု ပေါ်ပေါက်ပြီးနောက်ပိုင်းတွင်ကား တရားသူကြီးက အာမခံပေးထားခြင်းကို ရုပ်သိမ်းလိုက်ကာ မတ်လ ၄ ရက်တွင် ထောင်သွင်းအကျဉ်းချထားလိုက်သည်။
ယင်းအခြေအနေများနောက်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့က ဇနီးဖြစ်သူက နေအိမ်ကို အရောင်းဈေးကွက်တင်လိုက်ရခြင်းလည်း ဖြစ်လေသည်။
မော်ဒန်ယာတောအိမ်ကို ၂၀၁၅ ခုနှစ်အတွင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြံအကျယ်မှာ တစ်ဧကခန့်ရှိကာ အန်းစင်နီတပ်စ်နှင့် ကာဒစ်ဖ်မြို့များ၏ နယ်စပ်တွင် တည်ရှိသည်။
ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်နေအိမ်ဖြစ်ပြီး စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော နေအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း အပြည့် ၄ ခန်းနှင့် ထက်ဝက် ၁ ခန်းပါဝင်သည်။
ခြံဝန်းအတွင်း စတုရန်းပေ ၉၀၀ ခန့်ရှိ မီးဖိုဆောင်နေရာ၊ စိမ်းလန်းသော မြက်ခင်း၊ ဘေ့စ်ဘောကွင်းတို့လည်း ပါဝင်သည်။
ဝင်းစလိုဇနီးမောင်နှံသည် တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ရှိ နေအိမ်ကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်းဖြင့် ဈေးကွက်တင်ခဲ့သေးသည်။
အဆိုပါနေအိမ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရောင်းထွက်ခဲ့ပြီး ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကိုမူ မသိရချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)