ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အင်္ဂလန်ပရီးမီးယားလိဂ်၏ ထိပ်သီးအသင်းတစ်သစ်ဖြစ်သော လီဗာပူးအသင်းပိုင်ရှင်သည် ဖလော်ရီဒါပြည်နယ်အရှေ့တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်သော ဘိုကာရာတန်ရှိ စံအိမ်ကြီးကို အရောင်းဈေးကွက်ပြန်လည်တင်သွင်းလာသည်။
လီဗာပူးအသင်းပိုင်ရှင် ဘီလျံနာ ဂျွန်ဟင်နရီသည် လီဗာပူးအသင်းအပြင် Boston Red Sox ဘေ့စ်ဘောအသင်းနှင့် Boston Globe သတင်းစာတို့ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။
ဂျွန်ဟင်နရီသည် ဖလော်ရီဒါစံအိမ်မြေနေရာကို ၁၉၉၁ ခုနှစ်တွင် ကန်ဒေါ်လာ ၆၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး စံအိမ်ကိုမူ ၁၉၉၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၁၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်းနှုင့် ရေချိုးခန်း ၁၉ ခန်း ပါဝင်သည်။
ရေချိုးခန်း ၁၉ ခန်းတွင် ၁၀ ခန်းမှာ အပြည့်ဖြစ်ပြီး ၉ ခန်းမှာ တစိတ်တပိုင်းအခန်းများဖြစ်သည်။
(ရေချိုးခန်း အပြည့် (full) ဆိုသည်မှာ လက်ဆေးကန်၊ ရေစိမ်ကန်၊ ရေပန်းနှင့် အိမ်သာ ၄ ခု ပါဝင်သောအခန်းများကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ယင်းအနက် ၃ မျိုးသာ ပါဝင်ပါက ကွာတားခန်းဟု ခေါ်သည်။)
စံအိမ်ကို တာရွှန်းဟု အမည်ပေးထားပြီး ချမ်းမြေ့စံအိမ်ဟု အဓိပ္ပာယ်ရသည်။
အာရှဗိသုကာဟန်ကို မြေထဲပင်လယ်ဗိသုကာဟန်နှင့် ပေါင်းစပ်ဆောက်လုပ်ထားသည့် နေအိမ်လည်း ဖြစ်သည်။
ထင်းသုံးမီးဖိုတစ်ခုပါဝင်သော အီတလီစားသောက်ဆိုင်ဟန် မွမ်းမံထားသည့် အခန်းတစ်ခန်းလည်း ပါဝင်သေးသည်။
ဟင်နရီသည် အဆိုပါနေအိမ်ကို ပြီးခဲ့သော ဆောင်းတွင်းက ကန်ဒေါ်လာ ၂၅ သန်းဖြင့် ပထမဆုံးဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ဘဲရှိနေသောကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပထမဆုံးအကြိမ် ဈေးနှုန်းလျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
ခေါ်ဈေးကို ထက်ဝက်နီးပါးအထိလျှော့ချပေးလိုက်ခြင်းဖြစ်ပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၅ သန်း ဖြစ်သည်။
ခြံဝန်းအတွင်း အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာ ၊ တင်းနစ်ကွင်းများနှင့် အသံလုံခန်းများ ပါဝင်သော အသံသွင်း စတူဒီယိုတစ်ခုလည်း ပါဝင်သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)