ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဥရောပနိုင်ငံများနည်းတူ အာရှတွင်လည်း ဗိသုကာ၏ သမိုင်းကြောင်းမှာ အခိုင်အမာ ရှိသည်။ ရှေးရာစုနှစ်များစွာကတည်းက အာရှတိုက်သားတို့၏ ဗိသုကာမှာ ကမ္ဘာ့အံ့ဖွယ်များတွင် ပါဝင်သည်အထိ ထင်ရှားခဲ့သည်။
သာဓကအားဖြင့် မြန်မာနိုင်ငံမှ ပုဂံနှင့် တရုတ်ပြည်မှ မဟာတံတိုင်းကြီးတို့မှာ ကမ္ဘာကျော် ဗိသုကာ လက်ရာများ ဖြစ်ကြသည်။
ယခုလတွင် အာရှ၏ ထင်ရှားသော ဗိသုကာဟန် အမျိုးအစားများ ဖော်ပြကာ ၎င်းတို့အနက်မှ တရုတ်ပြည်၏ ဟိုကီယန်ဗိသုကာအကြောင်း တင်ပြသွားပါမည်။
(တရုတ်ပြည်တွင် ထင်ရှားခဲ့သော ဗိသုကာဟန်များ)
ယောက်ဒေါင်ဗိသုကာ (Yaodong) ၊ ရှီယမ်ဗိသုကာ (Siheyuan) ၊ တူလုံဗိသုကာ (Tulou) ၊ ရှန်စီးဗိသုကာ (Shanxi) ၊ ဟိုကီယန် ဗိသုကာ (Hokkien) ၊ ကန်တုံဗိသုကာ (Cantonese architecture) ၊ ဟားယီး (ဟောင်) ဗိသုကာ (Hui-style architecture) ၊ ဟက်ကာ ဗိသုကာ (Hakka) ၊ ကျန်းစီဗိသုကာ (Architecture of Jiangxi) ၊ စီချွမ်ပြည်နယ်အနောက်ပိုင်း တိုင်းရင်းသား လူနေအိမ် ဗိသုကာ (Vernacular residential architecture of Western Sichuan) ၊ ပန်ကွတ်ဗိသုကာ (ဟောင်ကောင်ဗိသုကာဟန်ဖြစ်)
အိန္ဒိယ
-အိန္ဒိယကျောက်ဖြတ်ဗိသုကာ (Rock-cut)
-တိုဒါဗိသုကာ (Toda hut)
အင်ဒိုနီးရှား
-အူးမာ လောင်းဟောက်စ်ဗိသုကာ (Uma longhouse)
- ဓနိအိမ် (attap dwelling)
အီရန်၊ တူရကီ
-ကရဗဲဆရိုင်း ဗိသုကာ (Caravanserai)
အီရန်
ယက်ခ်ရှယ်ဗိသုကာ (Yakhchal)
အစ္စရေး - ကျောက်ဖြတ်ဂူဗိသုကာ
ဂျပန် - မင်ကာဗိသုကာ (Minka)
မွန်ဂိုလီးယား - ယာ့ထ်ဗိသုကာ (Yurt)
ပါပူအာ နယူးဂီနီ - ပါပူအာနယူးဂီနီ ကုလားမခြေထောက်အိမ်ဗိသုကာ(Papua New Guinea stilt house)
ဖိလစ်ပိုင် - ဓနိတဲဗိသုကာ (Nipa hut)
ရုရှား - ဆိုက်ဘေးရီးယားတဲအိမ်
ထိုင်း - ထိုင်းကုလားမခြေထောက်အိမ် (Thai stilt house)
ဟိုကီယန်ဗိသုကာ (Hokkien)
ဟိုကီယန်ဗိသုကာကို ဟို့ခ်လိုဗိသုကာ (သို့မဟုတ်) မင်နန်ဗိသုကာဟုလည်း ခေါ်ဆိုကြပြီး ဟို့ခ်လို ဟန်လူမျိုး တရုတ်တိုင်းရင်းသား မျိုးနွှယ်စုတို့၏ ဗိသုကာဟန်ကို ရည်ညွှန်းသည်။
ဟို့ခ်လို ဟန်လူမျိုးတို့သည် တရုတ်ပြည်အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် (ဟို့ခ်လိုဘာသာစကားအရ ဟိုကီယန်ပြည်နယ် ဟုလည်းခေါ်) ၊ ထိုင်ဝမ်နှင့် စင်္ကာပူတို့တွင် ဘိုးဘွာားစဉ်ဆက် အခြေချနေထိုင်ခဲ့ကြသည်။
ဗိသုကာဟန်မှာ အခြားဟန်တရုတ်မျိုးနွှယ်တို့နှင့် များစွာဆင်သယောင်ထင်ရသော်လည်း ဟို့ခ်လိုတို့ ဆောက်လုပ်သော လက်ရာများတွင် တခြားဗိသုကာဟန်များနှင့် မတူညီသည့် ထူးခြားချက်များစွာရှိနေသည်။
(မင်ညူဗိသုကာ)
ဟိုကီယန်တို့သည် ၇ ရာစုမှ ၁၃ ရာစုအတွင်း ဟန်လူမျိုးတို့၏ ယဉ်ကျေးမှုများ သြဇာအလွှမ်းမခံရမီတွင် ဖူကျန်းပြည်နယ်သည် မင်ညူမျိုးနွှယ်စုတို့ အခြေချနေထိုင်ရာ ဒေသဖြစ်ခဲ့သည်။ ထို့ကြောင့် မင်ညူတို့၏ ဗိသုကာလက်ရာဟန် အကြွင်းအကျန်များလည်း ရှိနေသည်ကို တွေ့နိုင်သည်။
(ပျံလွှားမြီးအမိုး)
ဟိုကီယန်ဗိသုကာတွင် အဓိကဝိသေသဖြစ်သည့် V ပုံသဏ္ဍာန်အမိုးကော့ကို တရုတ်ဘာသာအားဖြင့် ယန့်ဝေးကျီ (燕尾脊)ဟု ခေါ်ဆိုသည်။
အဆိုပါ ဝိသေသလက္ခဏာကို အခြားဟန်တရုတ်လူမျိုးတို့၏ ဗိသုကာဟန်များတွင် တွေ့ရလေ့မရှိချေ။ အများဆုံးတွေ့ရသည်မှာ ဟိုကီယန်နှင့် ထိုင်ဝမ်တို့တွင် ဖြစ်သည်။
အမိုးစွန်းသည် ပျံလွှားငှက်၏ အမြီးကဲ့သို့ အထက်သို့ကွေးကော့နေသောကြောင့် အင်္ဂလိပ်ဘာသာအားဖြင့် Swallowtail roof (ပျံလွှားမြီးအမိုး) ဟုပင် ခေါ်ဆိုကြသည်။ အထက်သို့ ကွေ့ကောက်မှု ဒီဂရီမှာမူ အမျိုးမျိုး ကွဲပြားနိုင်သည်။ အမိုးစွန်းအဖျားသည် တစ်ထပ် (သို့မဟုတ်) နှစ်ထပ်ဖြစ်လေ့ရှိကာ ရောင်စုံအလှဆင်မွမ်းမံမှုများ တွေ့ရလေ့ရှိသည်။
အဆိုပါ ဗိသုကာဝိသေသလက္ခဏာကို မင်မင်းဆက်ခေတ်ဖြစ်သော ၁၆ ရာစုအတွင်း စတင်မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်က ဟို့ခ်လို မျိုးနွှယ်စုတို့သည် ဥရောပမှကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်လုပ်ကိုင်ရာမှတဆင့် ရုတ်ချည်း ချမ်းသာကြွယ်ဝလာကြသည်။
ယင်းသို့ချမ်းသာလာကြပြီးနောက်ပိုင်း ၎င်းတို့၏ကြွယ်ဝမှုများကို ထုတ်ဖော်ပြသရန် ကြိုးပမ်းလာကြရာမှ တောက်ပထည်ဝါသော ဤဗိသုကာဟန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တောက်ပထည်ဝါမှုရှိကာ လူအများအာရုံစိုက်လွယ်စေသည့် ဗိသုကာဟန်ဖြစ်ခြင်းကြောင့် အများအားဖြင့် ထင်ရှားသည့် ဘုရားကျောင်း များ၊ စံအိမ်ကြီးများ၊ ဘိုးဘေးများဆိုင်ရာ အထိမ်းအမှတ်ခန်းမများ ဆောက်လုပ်ရာတွင် အသုံးပြုခဲ့ကြသည်ကို တွေ့ရသည်။
(ကြွေထည်ပစ္စည်းများ အသုံးပြုခြင်း)
တရုတ်ဘာသာအားဖြင့် ကျင်စီတျောင် (剪瓷雕)ဟု ခေါ်သော ကြွေပန်းပုလက်ရာများ၊ ကြွေထည်ပစ္စည်းများကို အသုံးပြုခြင်းမှာလည်း ဟိုကီယန်ဗိသုကာ၏ ပင်မသရုပ်သကန်တစ်ခု ဖြစ်သည်။
ရိုးရာအားဖြင့် ဟို့ခ်လိုပညာရှင်တို့သည် ရောင်စုံကြွေထည်လက်ရာများအနက် သေးငယ်သော ကြွေဖလားများ၊ ပန်းကန်ခွက်ယောက်များ ၊ အစရှိသည့် ရောင်စုံကြွေထည်လက်ရာများကို ဖြတ်တောက်ခြင်း (သို့မဟုတ်) ခွဲချေခြင်းတို့ဖြင့် သေးငယ်သည့် အစိတ်အပိုင်းများ ရရှိအောင်ပြုလုပ်ကာ ထိုအစိတ်အပိုင်းများကို အဆောက်အအုံများရှိ နေရာအနှံ့အပြားတွင် ကပ်ကာ အလှဆင်ကြခြင်း ဖြစ်သည်။
အဓိကအားဖြင့် ဘောင်စွန်းနေရာများ၊ ပြတင်းပေါက်ဘောင်များ၊ ဘုရားကျောင်းတံခါးများ၊ လူနေအိမ်များတွင် အသုံးပြုကြသည်။
ကြွေထည်စများဖြင့် ပုံဖော်မှုများမှာမူ အမျိုးမျိုးကွဲပြားကြပြီး သစ်ပင်ပုံ၊ တိရ စ္ဆာန်ပုံများမှသည် တရုတ်ဒဏ္ဍာရီလာရုပ်ပုံများ၊ ဟို့ခ်လို မျိုးနွှယ်စု ဒဏ္ဍာရီလာရုပ်ပုံများ အစရှိသဖြင့် အမျိုးမျိုးပုံဖော်ကြသည်။
ထိုင်ဝမ်တွင်မူ ကြွေထည်ပစ္စည်းဖြင့် မွမ်းမံခြင်းကို ကွမ်တုံပြည်ဘက်တွင် အသုံးများသော ကိုချင်းကြွေထည်လက်ရာများနှင့် ပေါင်းစည်းအသုံးပြုခြင်းကြောင့် မူဟန်သစ်တစ်မျိုး ထွက်ပေါ်လာစေသည်။
ဟိုကီယန် စန်းခိုယွမ့် (Hokkien Sanheyuan)
တရုတ်ဘာသာအားဖြင့် စန်းခိုယွမ့် (三合院) ဟုခေါ်သော အဆောက်အအုံမျိုးမှာ တရုတ်ပြည်မကြီးတစ်ဝန်းတွင် များစွာတွေ့ရသော အပိုင်း ၃ ပိုင်းပါ အဆောက်အအုံတစ်မျိုးဖြစ်ပြီး ခြံဝန်းတစ်ခု၏ မျက်နှာစာ ၃ ရပ်တွင် အင်္ဂလိပ်အက္ခရာ U ပြောင်းပြန်ပုံသဏ္ဍာန် ဖြန့်ကျက် တည်ဆောက်ထားသော အဆောက်အအုံမျိုး ဖြစ်သည်။
အဆိုပါဟန်ကို ဟန်တရုတ်တို့၏ မျိုးနွှယ်စု အားလုံးနီးပါး အသုံးပြုကြသည်ကို တွေ့ရသည်။
ဟိုကီယန် စန်းခိုယွမ့်ဟန်တွင်မူ ဗဟိုချက်မှ ပြင်ပဆီသို့ နေအိမ်အစိတ်အပိုင်းများစွာ ဖြန့်ကျက်ထားလေ့ရှိပြီး ထိုသဏ္ဍာန်သည်ပင် ဟို့ခ်လို၏ ထူးခြားချက်လည်း ဖြစ်သည်။
ထင်းဇိုင်ကျောင်
တန်ငါးကား (Têng-á-kha ) (သို့မဟုတ်) တရုတ်ဘာသာအားဖြင့် ထင်းဇိုင်ကျောင် (亭仔跤) ဟူသည်မှာ တရုတ်ပြည်တောင်ပိုင်းတွင် များစွာတွေ့ရသော ဗိသုကာဟန်တစ်မျိုးဖြစ်သည် ဟိုကီယန်နှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သော ဗိသုကာဟန်ဖြစ်သည်ဟု သတ်မှတ်ကြသည်။
ချင်းချောင်းနန်းတော်
ယနေ့ခေတ်တွင် ကမ္ဘောဇရိပ်သာဟု အမည်ပေးထားသော ချင်းချောင်းနန်းတော်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၃၁ တွင် တည်ရှိပြီး ဟိုကီယန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။
ယနေ့အချိန်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက အနုပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ထားသည်။
ချင်းချောင်းနန်းတော်ကို မြန်မာနိုင်ငံတွင်အခြေချနေထိုင်ခဲ့သည့် တရုတ်လူမျိုး မစ္စတာလင်ချင်းချောင် (Mr.Lim Chin Tsong) က ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အနီရောင်အုတ်များ၊ အစိမ်းရောင် အုတ်ကြွပ်များဖြင့် တည်ဆောက်ထားသည်။
အထပ်ငါးထပ်ပါဝင်ကာ ပေ ၁၂၀မြင့်သည့် ချင်းချောင်းအဆောက်အအုံသည် တရုတ်ပြည်၊ ပေကျင်းမြို့တော်ရှိ Yihe Yuan နွေရာသီနန်းတော်မှ Fu Xiang ပွဲကြည့်ဆောင်နှင့် ပုံသဏ္ဍာန်ဆင်တူသည်။ ကောင်းကင်အမြင့်မှကြည့်လျှင် ကြယ်ပုံသဏ္ဍာန်မြင်ရသည်။
ချင်းချောင်းနန်းတော်ကို ၁၉၁၇ ခုနှစ်မှ ၁၉၁၉ ခုနှစ်အထိ ၂နှစ်ကြာ တည်ဆောက်ခဲ့ရပြီး ရူပီးငွေ ၂ ဒသမ ၂ သန်းကျော် ကုန်ကျခဲ့သည်။
နန်းတော်ရှေ့ပန်းဥယျာဉ်အား သန့်ရှင်းသပ်ရပ်သော အင်္ဂလိပ်ပုံစံ ပန်းခြံအဖြစ်ဖန်တီးထားသည်။ ဒုတိယထပ်တွင် ဥယျာဉ်တစ်ခုလုံးကိုပတ်ပတ်လည် မြင်နိုင်သည့် လသာဆောင်ကို ထည့်သွင်းတည်ဆောက်ထားသည်။
မစ္စတာလင်ချင်းချောင်သည် နန်းတော်ဟုတင်စားခေါ်ဆိုသည့် နေအိမ်ကြီးကို တရုတ်နှင့်အီတလီနိုင်ငံမှ မှာယူသော ပစ္စည်းများဖြင့် အလှဆင်ခဲ့သည်။
အဆောက်အအုံအတွင်းပိုင်း ဒီဇိုင်းများပြုလုပ်ရန် အင်္ဂလန်နိုင်ငံမှ ထင်ရှားသည့်ပန်းချီဆရာ Ernest Procter နှင့်ဇနီးဖြစ်သူ ပန်းချီဆရာမ Dod Procter တို့ကိုဖိတ်ခေါ်ခဲ့သည်။ အဆောက်အအုံအတွင်းပိုင်းနံရံပန်းချီများကို ယင်းအင်္ဂလိပ်ပန်းချီဆရာမောင်နှံက ရေးဆွဲခဲ့သည်။
လင်ချင်းချောင်းသည် သူ၏ချင်းချောင်းနန်းတော်တွင် ဧည့်ခံပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ ၁၉၂၀ပြည့်နှစ်တွင် အရှေ့တောင်အာရှသို့ ခရီးထွက်လာသော ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် ဂျော့ခ်ျ ကလီမန်ဆို မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် ဖိတ်ခေါ်ဧည့်ခံခဲ့သည်။
ကမ္ဘာကျော်စာရေးဆရာ မောရစ်ကောလစ်သည်လည်း လင်ချင်းချောင်း ကွယ်လွန်ပြီးနောက် ချင်းချောင်းနန်းတော်သို့ လာရောက်လည်ပတ်ဖူးသည်။
မောရစ်ကောလစ်က ချင်းချောင်းနန်းတော်အတွင်း တရုတ်ကြွေထည်များ၊ ပါရှန်းကော်ဇောများ၊ ကြေးသွန်းစည်ကြီးများ၊ ပြောင်လက်နေသောကြမ်းခင်းများ၊ မြန်မာပန်းချီဆရာ ကြီး ဦးဘဥာဏ်၏ လက်ရာပန်းချီကားကို တွေ့ရှိခဲ့ရကြောင်း သူ၏နေဝင် ဘုရင်များစာအုပ်တွင် ရေးသားခဲ့သည်။
လင်ချင်းချောင်းသည် တရုတ်လူမျိုး စီးပွားရေးသမား တစ်ဦးဖြစ်ပြီး ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆန်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ခြင်းနှင့် ဘဏ်လုပ်ငန်းများတွင် အောင်မြင်ခဲ့သူ ဖြစ်သည်။
လင်ချင်းချောင်းသည် ချင်းချောင်းနန်းတော်ကြီးဖွင့်လှစ်ပြီး သုံးနှစ်အကြာ ၁၉၂၃ ခုနှစ် နိုဝင်ဘာ ၅ရက်နေ့ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
၁၉၂၄ခုနှစ် ၊ ဇွန်လ၁၀ရက်နေ့တွင်ချင်းချောင်းနန်းတော်ကို ဒေဝါလီခံပြီး ကြွေးသိမ်းပစ္စည်းအဖြစ် ကြေညာခဲ့သည်။
ဂျပန်ခေတ်အတွင်း ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ အသံလွှင့်ဌာနအဖြစ် အသုံးပြုခြင်းခံရပြီး မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၁ ခုနှစ်တွင် ကမ္ဘောဇရိပ်သာဟိုတယ်အဖြစ် ပြောင်းလဲ အသုံးပြုခဲ့သည်။
ချင်းချောင်းနန်းတော်၏ မြေအောက်မှ အင်းလျားကန်သို့ လျှို့ဝှက်ဥမင်များဖြင့် ဆက်သွယ်ထားသည်ဟူသော ကောလာဟလများလည်း ရှိသည်။
လုံရှမ်းထောင်ဘုံကျောင်း (တရုတ်တန်း၊ ရန်ကုန်)
၁၈၇၇ ခုနှစ်တွင် တရုတ်ပြည်၊ ဖူရှမ်းပြည်နယ်မှ စန်း (曾)နှင့် ကျိုး (邱) အမည်ရှိသူ ၂ ဦးက ရန်ကုန်မြို့၊ အနော်ရထာလမ်းပေါ် ၂၂ လမ်းနှင့် ၂၃ လမ်းကြားတွင် လုံရှမ်းထောင် (龙山堂) အမည်ဖြင့် တရုတ်ဘုရားကျောင်းတစ်ခု ဆောက်လုပ်ခဲ့ကြသည်။
၁၈၇၇ ခုနှစ်သည် အထက်မြန်မာပြည်တွင် သီပေါမင်း အုပ်ချုပ်မင်းလုပ်နေချိန်ဖြစ်ပြီး အောက်မြန်မာပြည်တွင်မူ ရန်ကုန်မှ ပြည်သို့ A 01 ရေနွေးငွေ့စက်ခေါင်းနှင့် ချိတ်ဆက်ထားသော ရထားစတင်ထွက်ခွာကာ မြန်မာ့မီးရထားသမိုင်း စတင်ဖွင့်လှစ်ခဲ့သည့် အချိန်လည်း ဖြစ်သည်။
ယင်းမတိုင်မီ တစ်နှစ် (၁၈၇၆) က ရန်ကုန်ဘူတာကြီးကို ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
လုံရှမ်းထောင်ဘုံကျောင်းကို ဟိုကီယန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။
လုံရှမ်းထောင်တွင် ကိုးကွယ်ထားသည်မှာ အခြားတရုတ်ဘုရားကျောင်းများနှင့် မတူညီဘဲ ဘိုးဘေးတို့ကို ဂါရဝပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဘုရားကျောင်းပတ်လည်ရှိ ကျောက်လက်ရာများစွာမှာ သားသမီးတို့၏ ကြည်ညိုလေးမြတ်မှုကို လှစ်ဟပြသသည့် လက်ရာများ ဖြစ်သည်။
လုံရှမ်းထောင်ကျောင်းတော်က အသားပေးသည့်အချက်မှာ တရုတ်တို့၏ ရိုးရာဓလေ့ဖြစ်သော ပညာရေးကို အားပေးမှု ဖြစ်သည်။
ရှေးခေတ်တရုတ်ပြည်တွင် မိဘတိုင်းသည် မိမိတို့၏ ရင်သွေးများကို ဘုရင့်အစိုးရစာမေးပွဲ၌ ထူးချွန်သူများ ဖြစ်စေလိုကြသည်။
အဆိုပါစာမေးပွဲစနစ်ကို ၁၉၀၅ ခုနှစ်တွင် တရုတ်ပြည်၌ ဖျက်သိမ်းခဲ့သော်လည်း မိဘတို့၏ ပညာရေးအလေးပေးသည့် အလေ့အထမှာ စွဲထင်ကျန်ရစ်နေသည်။
ဘုံကျောင်းအဖွဲ့ဝင်တို့၏ သားသမီးများ တက္ကသိုလ်ပညာရေးပြီးဆုံးသွားသည်ဆိုလျှင် ဘုံကျောင်းအတွင်း၌ မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။
အဆိုပါ မှတ်တမ်းများမှ ၁၉၁၀ ခန့်မှစတင်ကာ ၁၉၆၀ ပြည့်နှစ်ခန့်အထိ ရှိခဲ့သည်။
တရုတ်ပြည်၊ အမေရိကန်နှင့် ဗြိတိန်တို့တွင် ဘွဲ့၊ မဟာဘွဲ့၊ PhD ဘွဲ့ရသူများ ပါဝင်ပြီး ဘာသာရပ်နယ်ပယ်အစုံပါဝင်ကာ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဥပဒေ၊ စိတ်ပညာ၊ ရေကြောင်းအင်ဂျင်နီယာအစရှိသဖြင့် စုံလင်လှသည်။
လုံရှမ်းထောင်ဘုံကျောင်းသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက်လည်း အထောက်အကူတစ်ခုဖြစ်နေပြီး ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်နိုင်သည့်နေရာတစ်ခု ဖြစ်နေသည်။
ကမ္ဘာပေါ်ရှိ နာမည်ကျော်တက္ကသိုလ်များစွာတွင် ပညာသင်ယူခဲ့ကြသည့်မှတ်တမ်းများကို မြန်မာပြည်ရှိ ဘုံကျောင်းကလေးတစ်ခုတွင် တွေ့ရခြင်းအပေါ် ကမ္ဘာလှည့်ခရီးသည်များ များစွာ အံ့အားသင့်ကြသည်ဟု ဆိုသည်။
ခိန့်ဟုတ်ဘုံကျောင်း
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ စဉ့်အိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် တည်ရှိသော ခိန့်ဟုတ်ဘုံကျောင်းသည် ဟိုကီယန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော လက်ရာတစ်ခု ဖြစ်သည်။
ခိန့်ဟုတ်ကျောင်းတော်ဟုသောအမည်အပြင် ခိုင်ဖူကျောင်းတော်ဟုလည်း လူသိများသည်။
တရုတ်ရိုးရာ ပင်လယ်နတ်သမီး မာဇူကို ကိုးကွယ်သည့်ဘုရားကျောင်း ဖြစ်သည်။ဟန်လူမျိုးတို့တွင် ဟိုကီယန်၊ ဟက်ကာ၊ ကန်တုံနှင့် ဂန်ဟူသော အဓိကမျိုးနွှယ်စုကြီးများရှိကြရာ ခိန့်ဟုတ်ဘုံကျောင်းသို့ အဓိက လာရောက်ကြသည်မှာ ဟိုကီယန်နှင့် ဟက်ကာ မျိုးနွှယ်စုများဖြစ်ပြီး ခိန့်ဟုတ်ဘုံကျောင်းကို ထိန်းသိမ်းလည်ပတ်ပေးနေသည်မှာ ဟိုကီယန်တို့ဖြစ်ကြသည်။
လသာမြို့နယ်အတွင်းရှိ ကွမ်ရင်ကူးမီဘုံကျောင်းကိုမူ ကန်တုံမျိုးနွှယ်စုတို့ သွားရောက်လေ့ရှိကြသည်။
စတင်ဆောက်လုပ်ခဲ့စဉ်က သစ်သားကျောင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကာ ၁၈၆၃ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။
ဗြိတိသျှအာဏာပိုင်တို့က အခွန်ကင်းလွတ်ခွင့်ပေးခဲ့သည့်မြေကွက်ပေါ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုံကျောင်း၏ အဓိကထားကိုးကွယ်မှုမှာ ကွမ်ရင်မယ်တော်ဖြစ်၏။ အုတ်အဆောက်အအုံသစ်ကို ၁၉၀၃ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ခဲ့ပြီး ရူပီးငွေ ၁၅၃၀၀၀ ကုန်ကျခဲ့သည်။
အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com