ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တံတားစီမံကိန်းပိုမိုအသက်ဝင်လာသော်လည်းသန်လျင်မြေဈေးမှာ ထပ်မံမြင့်တက်လာမှုမရှိသေးဘဲ ငြိမ်နေဆဲဖြစ်ကြောင်းနှင့်မြို့ပြဖွံဖြိုးမှုလုပ်ငန်းစဉ်များပြီးဆုံးပါက ဈေးတက်လာနိုင်ခြေရှိကြောင်း မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
သန်လျင်မြို့နယ်သည် မြေနေရာပေါများဆဲမြို့နယ်တစ်ခုဖြစ်သော်လည်း ဈေးနှုန်းအတက်အကျနည်းပါးသည့်မြို့နယ်တစ်ခု ဖြစ်သည်။ လက်ရှိ သန်လျင်မြို့နယ်တွင် သီလဝါဆိပ်ကမ်းအနီး မြေနေရာများမှာ ဈေးကွက်အရ အမြင့်ဆုံးဖြစ်နေပြီး သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းဝန်းကျင်အထိ ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်မှာ အခြားမြို့နယ်များနည်းတူ အေးစက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
"" သန်လျင်တံတားစီမံကိန်း တကယ်လုပ်မယ်ဆိုရင်တော့ဈေးကတက်လာမှာဘဲ။ဘာကြောင့်လဲဆိုတော့ စီမံကိန်းရှိတဲ့မြေနေရာအများစုက ဈေးတက်လေ့ရှိတာ ထုံးစံတစ်ခုလိုတောင်ဖြစ်နေပြီလေ။ဒီမှာက အခုလည်း အသံတွေ တွင်တွင်ကျယ်ကျယ်မကြားရသေးဘူး။ပြောရရင် မသေချာသေးဘူးပေါ့ ။ သေချာရင်တော့ မြေဈေးကျိန်းသေပေါက်တက်လာမှာပါ။လက်ရှိအချိန်အထိကတော့ ငြိမ်နေတုန်းဘဲ"" ကမာကြည် တံတားအနီးတွင် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းဖွင့်လှစ်လုပ်ကိုင်နေသူ ဦးအောင်သန်းမှ ဆိုသည်။ လက်ရှိတွင် သန်လျင်မြို့နယ်အတွင်းလမ်းခင်းခြင်းများဆောင်ရွက်နေပြီး မြို့ပြအဆင့်မြှင့်တင်မှုပြီးဆုံးပါက အရောင်းအဝယ်များပြန်လည်လှုပ်ခတ်လာဖွယ်ရှိသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com