ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အိမ်ရာဖွံ့ဖြိုးရေးနယ်ပယ်တွင် "Affordable Housing"ဟူသည် ‘‘အလယ်အလတ် ဝင်ငွေရရှိသည့် အိမ်ထောင်စုများအတွက် အိမ်ရာကိုဆိုလိုသည်’’ ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။
ဥပမာ- စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း အိမ်ရာအခက်အခဲရှိ သော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာဟူ၍ ဖွင့်ဆိုကြောင်း တွေ့ရှိရ၏။
ဩစတြေးလျနိုင်ငံက လည်း အလားတူပင် ‘‘ဝင်ငွေနည်း ပါးသူနှင့် ဝင်ငွေအလယ်အလတ် ရရှိသော အိမ်ထောင်စုများသည် အခြားသော အခြေခံလိုအပ်ချက်များအတွက် ကုန်ကျခံရမည့်စရိတ် ကို မထိခိုက်စေဘဲ ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာ’’ဟု လက်ခံထား ကြောင်း တွေ့ရှိရသည်။
ဗြိတိန်နိုင်ငံတွင် ‘‘ဈေးကွက်မှ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုမရှိသော သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အိမ်ထောင်စုများအတွက် အငှားနှင့် တန်ဖိုးမျှတအိမ် ရာ’’ဟု ဖွင့်ဆိုမှုများရှိပေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ‘‘ဝင်ငွေနည်းသူနှင့် အလယ်အလတ်ရှိသူ နှစ်ရပ်အတွက်အိမ်ရာ’’ဟု ဖွင့်ဆိုထားကြောင်း တွေ့ရှိနိုင်၏။
သို့ဖြစ်၍ Affordable Hous-ing ဟူသော စကားရပ်တွင် ဝင်ငွေအုပ်စုနှစ်ရပ် အကျုံးဝင်ပြီး ဝင်ငွေနည်းသူအတွက် တန်ဖိုးနည်းအိမ်ရာသာမက ဝင်ငွေအလယ်အလတ်ရှိသူအတွက် တန်ဖိုးမျှတအိမ်ရာများကိုပါ ဆိုလိုကြောင်း ထင်ရှားလျက်ရှိပေသည်။
အိမ်ရာဈေးကွက်တွင် ဝင်ငွေအဆင့်မြင့်သူများသည် ဝယ်ယူနိုင်စွမ်းမြင့်မားသူများဖြစ်၍ ဈေးကွက်၏ ပေါက်ဈေးကို လက်လှမ်းမီကြ၏။ သို့သော် ဝင်ငွေအလယ်အလတ်ရှိသူများသည် ရံဖန်ရံခါ ဈေးကွက်မှ မောင်းထုတ်ခြင်းခံရပြီး ဝင်ငွေနည်းပြည်သူများမှာမူ အိမ်ရာဈေးကွက်မှ ထာဝရပစ်ပယ်ထားခြင်းခံရသူများဖြစ်ခြင်းကြောင့် ၎င်းတို့နှစ်ဦး၏ အိမ်ရာဝယ်ယူနိုင်မှုစွမ်းရည်ကိုသာ မြှင့်တင်အားပေးရန် လိုအပ်ခြင်းaကြာင့် ဖြစ်ပေသည်။
ထို့ကြောင့် Affordable Housing ကို ဝင်ငွေအရ ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာ (သို့မဟုတ်) ဝင်ငွေနှင့် လက်လှမ်းမီအိမ်ရာဟု ဘာသာပြန်ဆိုမှသာ မူရင်းအဓိပ္ပာယ်ကို ခြုံမိငုံမိမည်ဖြစ်ကြောင်းနှင့် တန်ဖိုးနည်းအိမ်ရာသာမက တန်ဖိုးမျှတအိမ်ရာများပါ အကျုံးဝင်ကြောင်း ဖော်ပြလိုပေသည်။
ဦးတည်သော ဝင်ငွေအုပ်စုနှစ်မျိုးရှိသကဲ့သို့ အိမ်ရာ ဖြည့်ဆည်းမှု နည်းလမ်းမှာလည်း နှစ်မျိုးနှစ်စားရှိကြောင်း တွေ့ရှိနိုင် ၏။ ပထမနည်းလမ်းမှာ ဝင်ငွေနှင့် လက်လှမ်းမီသော အငှားအိမ်ရာ (Affordable Rental)ဖြစ်ပြီး ဒုတိ ယနည်းလမ်းမှာ ဝင်ငွေနှင့် လက် လှမ်းမီသော အရောင်းအိမ်ရာ (Affordable Home Ownership) ဟူ၍ဖြစ်ပေသည်။ မြန်မာနိုင်ငံ၌ အထက်ပါ နည်းလမ်းနှစ်မျိုးအနက် ဒုတိယနည်းလမ်းသည် ပိုမိုအင်အားကောင်းမွန်လျက်ရှိသည်။
နိုင်ငံအများအပြား တွင် ‘‘ဝင်ငွေနှင့် အိမ်ရာအသုံး စရိတ်အချိုး’’ (Housing-expen-diture-to income-ratio)ကို သတ်မှတ်ကျင့်သုံးကြကြောင်း တွေ့ရှိရပေသည်။
ထိုကဲ့သို့ သတ်မှတ်ရာ၌ မိမိနိုင်ငံ၏ အိမ်ရာဈေး နှုန်းနှင့် ပြည်သူတို့၏ ဝင်ငွေပေါ် မူတည်ပြီး အမျိုးမျိုးသတ်မှတ်ကြကြောင်း တွေ့ရှိနိုင်၏။ အမေရိကန်နိုင်ငံတွင် နေအိမ်အတွက် ကျခံရမည့်စရိတ်သည် အိမ်ထောင်စုဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းသတ်မှတ်ထားသည်။
ကနေဒါနိုင်ငံ ၌ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်က ၂၅ ရာခိုင်နှုန်းသတ်မှတ်ရာမှ ၁၉၈၀ ပြည့်နှစ်အလွန်မှစ၍ ၃၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ကြောင်း သိရှိရ၏။ အိန္ဒိယနိုင်ငံ၌မူ ၄၀ ရာခိုင်နှုန်း သတ်မှတ်ထားပေသည်။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံဖြစ်၍ အနိမ့်ဆုံးဖြစ်သော ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်း အချိုးသည်သာ အသင့်လျော်ဆုံးဖြစ်မည်ဟု ယူဆပါသည်။
UN HABHITAT မှ ပြုစုတင်ပြသော စာတမ်းတစ်စောင်၌ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ၇၀ ရာခိုင်နှုန်းသော လူဦးရေသည် လစဉ်အိမ်ထောင်စုဝင်ငွေ (တစ်ဦးချင်းဝင်ငွေမဟုတ်ပါ) နှစ်သိန်း ခန့်သာရရှိသဖြင့် (တစ်လလျှင် ၃၀ ရာခိုင်နှုန်းခန့် ဖြစ်သော) ၆၅,၀၀၀ ကိုသာ အိမ်ရာအတွက် အသုံးစရိတ်အဖြစ်ကျခံနိုင်မည်ဟု တင်ပြခဲ့ကြောင်း တွေ့ရှိရ၏။
ကျန်ရှိသော ၁၃၅,၀၀၀ (တစ်သိန်းသုံးသောင်းငါးထောင်ကျပ်)သည် မိသားစု စားရေး၊ ဝတ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးစရိတ် အတွက် သုံးစွဲရန် ဖြစ်ပါသည်။ ဤသို့ဆိုရာတွင် အိမ်ထောင်စုဝင် ငွေ၏ ၃၀ ရာခိုင်နှုန်းသော အသုံးစရိတ်သတ်မှတ်ချက်သည် မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပြည်သူများနှင့် ဝင်ငွေအလယ်အလတ်ပြည်သူများအတွက် အိမ်ရာအလို့ငှာ လုံလောက်ပါပြီလောဟု မေးမြန်းစရာရှိ၏။
‘‘မလုံလောက်ပါ’’ဟု ပွင့်လင်းစွာ ဖြေဆိုရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက ဖွံ့ဖြိုးမှုရှိသော နိုင်ငံကြီးများ၌ပင် လုံလောက်မှုမရှိဘဲ ကွာဟချက်များရှိနေကြောင်း တွေ့ရှိရ၏။ အဘယ်ကြောင့်ဆိုသော် အိမ်ဈေး၊ မြေဈေးတိုးမြှင့်မှုနှုန်းသည် အိမ်ထောင်စု၏ လစာ (သို့မဟုတ်) ဝင်ငွေတိုးမြှင့်နှုန်းထက် အစဉ်အမြဲကြီးမားနေလေ့ရှိ ခြင်းဟူသော အစဉ်အလာကြောင့် ဖြစ်ပေသည်။
နိုင်ငံတကာအစိုးရများသည် အိမ်ထောင်စု၏ အိမ်ရာအသုံးစရိတ်အတွက် လက်လှမ်းမီနိုင်သော ရာခိုင်နှုန်းအချိုးနှင့် အိမ်ရာဈေးနှုန်းကွာဟချက်ကို နည်းလမ်း နှစ်ရပ်ဖြင့် လျော့နည်းအောင် ကြိုး ပမ်းဆောင်ရွက်လျှက်ရှိသည်။
ပထမနည်းလမ်းမှာ ထောက်ပံ့ငွေပေးခြင်း (Susidiza-tion) ဖြစ်၏။ ၎င်းတွင် ပွင့်လင်းထောက်ပံ့မှု (Open Subsidy) ရှိ သကဲ့သို့ ဖုံးကွယ်ထောက်ပံ့မှု (Hidden Subsidy)ဟု ရှိပြန်၏။ ဥပမာ- လက်ရှိ ထိုင်းနိုင်ငံသည် အိမ်ခန်းတစ်ခန်းအတွက် ဘတ်ငွေရှစ်သောင်းထောက်ပံ့ကြောင်း အတိအလင်းကြေညာထား၏။
မြန်မာနိုင်ငံတွင် မြေဈေးကို ထောက်ပံ့သည်ဟုဆိုသော်လည်း အိမ်ခန်းတစ်ခန်းအတွက် မည်မျှရှိကြောင်း အတိအလင်းသတ်မှတ်ဖော်ပြနိုင် ခြင်းမရှိကြောင်း တွေ့ရှိရပေသည်။
ထို့အပြင် တရုတ်ပြည်၌ ဆောက်လုပ်မှုစရိတ်၏ ၃ ရာခိုင်နှုန်းကို အမြတ် (Profit)အဖြစ် ရယူကြောင်း အတိအလင်းသတ်မှတ်ကြေညာ ၏။
မြန်မာနိုင်ငံ၌ မြေဖိုးမပါ ဆောက်လုပ်မှုစရိတ်အတိုင်း ရောင်းဈေး (Price)ကို သတ်မှတ်သည်ဟု ဆိုထားသော်လည်း ကိန်းဂဏန်းဖြင့် ပွင့်လင်းသော ထောက်ပံ့မှုဖြစ်အောင် ကြေညာပေးနိုင်ရန် လိုအပ်နေသေးတာပဲဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com