ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဂျပန်-မြန်မာ အကျိုးတူပူပေါင်းအကောင်အထည်ဖော်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်ရှိ Residential and Commercial Area တွင် ဂျပန်နည်းပညာများဖြင့် ဒီဇိုင်းရေးဆွဲထားသော Super Hotel ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာသီလဝါအထူးစီးပွားရေးအများပိုင်ကုမ္ပဏီ (MTSH) ထံမှ သိရသည်။
အဆိုပါဟိုတယ်သည် အထပ်လေးထပ်ပါ အဆောက်အအုံဖြစ်ပြီး အခန်းပေါင်း ၁၂၉ ခန်းအထိပါဝင်မည်ဖြစ်ကာ ယခုဟိုတယ်သည် Super Hotel Chain Group ၏ ၁၃၆ ခုမြောက် ဟိုတယ်တစ်ခုလည်းဖြစ်သည်။
လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း ပြည်ပကုမ္ပဏီ အများအပြားရှိပြီး လာမည့်နှစ်ထဲတွင်လည်း အလုပ်သမားများအတွက် အိမ်ရာများ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်နှင့် ဘဏ်များ၊ ရုံးခန်းများဖွင့်လှစ်နိုင်မည့် အဆောက်အအုံများလည်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်သော သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်အထိရှိကြောင်း အဆိုပါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
လတ်တလောတွင် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းအမျိုးအစားမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံပစ္စည်း ထုပ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားသောက်ကုန်နှင့် ဖျော်ရည်လုပ်ငန်း၊ ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင်ခြင်း၊ မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သည်။
လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၄ ခုခန့်ရှိပြီး လတ်တလော လုပ်ငန်းလည်ပတ်နေသော စက်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်သည်။
Credit: The Voice