ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အိမ်ရာစီမံကိန်းတစ်ချို့မှ သက်ဆိုင်ရာ ကုမ္ပဏီတစ်ချို့၏ ပေးသွင်းရန် ကျန်သော ကြွေးကျန်များကြောင့် မြေငှားဂရန်များကို ထုတ်မပေးဘဲ ဆိုင်းငံ့ထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။
အဆိုပါ စီမံကိန်းမှာ ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းဖြစ်ပြီး စီမံကိန်းတွင်ပါဝင်သည့် ကုမ္ပဏီလေးခုအနက်တချို့မှာ ပေးသွင်းရန် ကြွေးကျန်များ ကျန်ရှိနေသေး ကြောင်း သိရသည်။
" ကုမ္ပဏီလေးခုအနက် Original Group နဲ့ Shwe Taung Development Co.,Ltd တို့က ငွေအကြေ သွင်း ပြီးပါပြီ။ အဲဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက မြေငှားစာချုပ်(ဂရန်)ကို ထုတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ဟာတွေက ငွေအကြေပေးသွင်းဖို့ ကျန်တဲ့အတွက် ဂရန်ထုတ်ပေးခြင်းမပြု ဘဲ ဆိုင်းငံ့ထားပါတယ်''ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာငွေ ထိန်းသိမ်းမှုစနစ်တွင် ရငွေနှင့်သုံးငွေ သည် သီးခြားလုပ်ငန်းခေါင်းစဉ်များဖြစ် ခြင်း၊ စာရင်းစစ်အစီအရင်ခံစာအရ အပြီးအပြတ်ဖြေရှင်းရန် လိုအပ်ခြင်းတို့ ကြောင့် ကုမ္ပဏီများမှ Precast စက်ရုံ မြေဖိုး ပေးသွင်းရန်ကျန်ငွေအား အမြန်ပေးသွင်းစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဦးစီးဌာနမှ တွန်းအားပေးတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com