ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကမ္ဘာကျော်အင်္ဂလိပ်သရုပ်ဆောင် အော်လန်ဒိုဘလွန်းသည် လော့စ်အိန်ဂျလိတွင် ၎င်းပိုင်ဆိုင်ထားသည့် အိမ်ခြံမြေပိုင်ဆိုင်မှု စာရင်းကို အပြောင်းအလဲပြုလုပ်ရန် စီစဉ်လာသည်။
လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
ကမ္ဘာကျော် “Lord of the Rings” ဇာတ်ကားကြီးတွင် သရုပ်ဆောင်ခဲ့ပြီး ယခုအခါ အသက် ၄၂ နှစ်ရှိပြီဖြစ်သော အော်လန်ဒိုဘလွန်းသည် လော့စ်အိန်ဂျလိရှိ ခေတ်ပြိုင်ဗိသုကာဟန် စံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်လျှင် ကန်ဒေါ်လာ ၂ သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။
မစ္စတာဘလွန်းသည် အိပ်ခန်း ၄ ခန်းပါ အဆိုပါနေအိမ်ကို ဝယ်ယူပြီးချိန်မှ စတင်ပြီး ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်လျက်ရှိနေခဲ့ကြောင်း အရောင်းဈေးကွက်တင်သွင်းပေးသည့် Oppenheim group ကုမ္ပဏီမှ ဂျေဆင် အိုပင်ဟိန်းက ပြောကြားသည်။
အဆိုပါနေအိမ်ကို အော်လန်ဒို ဘလွန်းဝယ်ယူခဲ့စဉ်ကလည်း Oppenheim group ကပင် အကျိုးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
“သူဟာ သူဘာလုပ်နေတယ်ဆိုတာ သိသူတစ်ဦးဖြစ်ပါတယ်။ အကောင်းဆုံးတွေကို မြတ်နိုးပြီး နေအိမ်အလှဆင်မှုက စတင်ပြီး ဒီဇိုင်း၊ အလင်းပေးစနစ်အထိ သူ့ရဲ့စတိုင်တွေကို ကျွန်တော်တကယ်လေးစားမိပါတယ်”ဟု မစ္စတာ အိုပင်ဟိန်းက ပြောကြာားသည်။
မစ္စတာဘလွန်းသည် မီးဖိုဆောင်တွင် အရက်ဘားနေရာတစ်ခုလည်း ထည့်သွင်းထားပြီး အဝတ်အစားထားသိုရန်နေရာများ ပိုမိုထည့်သွင်းမွမ်းမံခဲ့ကာ နေအိမ်အတွင်းရှိ တောအုပ်ငယ်အပါအဝင် အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း မစ္စတာ အိုပင်ဟိန်းက ပြောကြားသည်။
ခမ်းနားလှသည့် ရေကူးကန်တစ်ခုထပ်မံထည့်သွင်း ဆောက်လုပ်မှုသည်ပင်လျှင် တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေါ်လာ သန်းဝက်ခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။
အဆိုပါ မွမ်းမံမှုများမှာ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကမှ အပြီးသတ်ခဲ့ခြင်းလည်း ဖြစ်သည်။
အော်လန်ဒိုဘလွန်းက ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီနှင့် စေ့စပ်ခဲ့ကြောင်းလည်း ပြီးခဲ့သောလအတွင်းက ထုတ်ဖော်ကြေညာထားသည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သော မစ္စ ပယ်ရီသည်လည်း သူ၏နေအိမ်ကို အရောင်းဈေးကွက်တင်ထားသေးသည်။
ယခုလအစောပိုင်းတွင် ကေတီပယ်ရီသည် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်ရှိ ကပ်လျက်နေအိမ် ၂ လုံးကို Mr. Chow စားသောက်ဆိုင်အုပ်စုပိုင်ရှင် မိုက်ကယ်ချောင်ထံ ရောင်းချထားခဲ့သေးသည်။
မစ္စတာချောင်က အဆိုပါနေအိမ် ၂ လုံးကို စုစုပေါင်း ကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
နေအိမ်၂ လုံးအနက် ကြီးမားသည့်နေအိမ်ကို ကန်ဒေါ်လာ ၉ ဒသမ ၄ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး သေးငယ်သည့် နေအိမ်ကိုမူ ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)