ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခြင်းက လက်ရှိ ရန်ကုန်မြို့ကို ပျက်စီးထိခိုက်စေမယ်ဆိုတဲ့ ဝေဖန်မှုဟာ အင်မတန် မှားယွင်းတယ်လို့ New Yangon Development Company ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့တဲ့ Townhall 2 ဆွေးနွေးပွဲမှာ ကဏ္ဍစုံက ပညာရှင်တွေနဲ့ ပြည်သူအချို့ရဲ့ လက်ရှိရန်ကုန်ရဲ့ လိုအပ်ချက်တွေကို ကနဦးပြုပြင်သင့်တယ်ဆိုတဲ့ ဝေဖန် မှုတွေနဲ့ ပတ်သက်ပြီး အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက အခုလို ပြန်လည်ပြောကြားခဲ့တာပါ။
ဒါ့အပြင် လက်ရှိရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မြို့သစ်တည်ဆောက်ဖို့ လိုအပ်တယ်လို့ မတ်လ ၁၈ ရက် ညပိုင်းက ထုတ်ပြန်တဲ့ ဦးသိမ်းဝေရဲ့ စာစဉ် ၂၅ မှာ ထည့်သွင်းပြောကြား ထားပါတယ်။
လူအများဝေဖန်နေကြတဲ့ ရန်ကုန်မြို့က လိုအပ်ချက်တွေကို ကနဦးဆောင်ရွက်ပြီးမှသာ မြို့သစ်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ အချက်ဟာ မဖြစ်နိုင်ဘူးလို့သိရပါတယ်။
ရန်ကုန်မြို့အတွင်းမှာ နှစ်ပေါင်းကြာရှည်စွာ မပြုပြင်ဘဲ ရှိနေတဲ့ ကိစ္စရပ်တွေ အများအပြားရှိနေတာကြောင့် ဒါတွေကို ပြုပြင်မယ်ဆိုပါက နှစ်ပေါင်းအတော်ကြာ အချိန်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပေးလိုက်တာဟာ ဘာအကျိုးအမြတ်မှ မရှိဘဲ နိုင်ငံအတွင်းက ရသမျှအကုန်ယူသွားမယ်ဆိုတဲ့ ဝေဖန်မှုတွေဟာလည်း မှားယွင်းနေတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေဟာ ပေးလိုက်တဲ့သူနဲ့သာ သက်ဆိုင်ပြီး တိုင်းပြည်ရဲ့အကျိုးကို ကြည့်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့လိုအပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရက မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ကို တိုးတက်စေဖို့အတွက် NYDC ကို ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ဖို့ တာဝန်ပေးထားတာကြောင့် အောင်မြင်စွာအကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ဦးသိမ်းဝေက ဆိုပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com