ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ပါမစ်အတွက် လာရောက်လျှောက်ထားမှုဟာအရေအတွက် ၅၀ ကျော်သွားပြီလို့ သိရပါတယ်။ မတ်လ မကုန်မီ ထုတ်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်ကို မတ်လ ၂၅ ရက် နောက်ဆုံးလျှောက်ထားရန် သတ်မှတ်ထားပြီး နောက်တစ်ရက်တွင် မဏ္ဍပ်နေရာချထားရေးစိစစ်ရေး ကော်မတီက လျှောက်ထားမှုများအပေါ် အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။
‘‘မတ်လ ၂၇၊ ၂၈ လောက် ဆိုရင် ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးနိုင်ပါလိမ့်မယ်။ ဆောက်လုပ်မယ့် သူတွေအနေနဲ့ ဧပြီလဆန်း မှာ အချိန်မီ မဏ္ဍပ်ဆောက်နိုင် အောင်လို့ပေါ့’’ ဟု ဦးသန်းက ပြောသည်။
ယခင်နှစ်များက သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်ကို မတ်လ လယ်ပိုင်းမှသာ ခွင့်ပြုပြီး ယခုနှစ် တွင် မတ်လ ၄ ရက်ကတည်းက ခွင့်ပြုခဲ့သည်။
ထို့အပြင် မဏ္ဍပ်ဆောက် လုပ်ခွင့်ပါမစ်များကို ယခင်က ဧပြီလဆန်းမှသာ ခွင့်ပြုသဖြင့် မဏ္ဍပ်ဆောက်လုပ်သူများ အချိန်မလုံလောက်မှု ကြုံတွေ့ရလေ့ရှိ ကြောင်း သင်္ကြန်မဏ္ဍပ်ကန်ထရိုက်အချို့က ဆိုသည်။
‘‘ဒီနှစ်ကတော့ ကြိုပြီးတော့ လည်း စီစဉ်ထားတော့ အချိန်လုံလောက်ပါတယ်။ စည်ကားမှုရှိ၊ မရှိကတော့ မသေချာဘူး။ ဟိုးအရင် အင်းလျားလမ်း၊ ကန်ပတ်လမ်းတို့မှာ မဏ္ဍပ်ဆောက်လုပ်ခွင့် ပေးတုန်းကလောက်တော့ မစည်နိုင်ဘူး’’ဟု သင်္ကြန်မဏ္ဍပ် ကန်ထရိုက်တစ်ဦးက ပြောသည်။
ထို့အပြင် ယခင်က သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်ပါမစ်များ အရောင်းအဝယ်ဖြစ်လေ့ရှိသော်လည်း ယခုနှစ်တွင် ယင်းဈေးကွက် အေးနေသေးသည်ဟု ၎င်းတို့က ပြောသည်။ ထိုသို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ကို လျှောက်လွှာ ဝယ်ယူသူ ၄၀ ကျော်ရှိပြီး လျှောက်လွှာ ပြန်လည်တင်ထားသူ မရှိသေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားနိုင်သည့် နေရာ ၃၄ ခုကို ကြေညာထားသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com