ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ သဘောတူဆောင်ရွက်နေသည့် B.O.T စနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၏ စာချုပ်စာတမ်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြန်လည်ပြင်ဆင်ရန် စီစဉ်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိလမ်းများကို ASEAN CLASS III အနည်းဆုံး ရောက်ရှိရေး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင် ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းကာ လမ်း၊ တံတားများကို တိုးချဲ့တည်ဆောက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် လမ်း၊ တံတားလုပ်ငန်းများ၌ B.O.T ကုမ္ပဏီပေါင်း ၂၅ ဖွဲ့မှ လမ်းမိုင်ပေါင်း ၃၂၆၄ မိုင်အား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ ဝန်ကြီးဌာနအနေနဲ့ ချမှတ်ထားတဲ့ မစ်ရှင်အရ ၂၀၃၀ ပြည့်နှစ်မှာ လက်ရှိကီလိုမီတာ ၄၂၁၂၁ ရှိ လမ်းတွေကို SEAN CLASS III (၁၈ ပေအကျယ်) ကတ္တရာအဆင့် အနည်းဆုံး ရောက်ရှိရေးနဲ့ တံတားများအားလုံး၂၄ပေ အကျယ် နှစ်လမ်းသွား ကွန်ကရစ်တံတား / သံပေါင်တံတား အဆင့်အနည်းဆုံး ရောက်ရှိရေး ဆောင်ရွက်နေတယ်။ B.O.T ကုမ္ပဏီပိုင်းက လမ်းတံတား တည်ဆောက်ရေးတွေမှာ ငွေကြေးများစွာ ရင်းနှီးလုပ်ကိုင်ရတဲ့အတွက် လုပ်ကိုင်ခွင့်ပြုထားတဲ့ နှစ်အကန့်အသတ်အတွင်း ထိုက်သင့်တဲ့ ဝင်ငွေပြန်ရနိုင်မှုကို ချိန်ဆပြီး နိုင်ငံတကာစံနှုန်းများဖြင့် ပြန်လည်တွက်ချက် ဆောင်ရွက်ခြင်းဖြင့် ပြည်သူနှင့် အစိုးရ၊ B.O.T ကုမ္ပဏီများအားလုံး အောင်မြင်ပြီး ရှေ့ဆက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ပြောကြားသည်။
ယင်းကဲ့သို့ တိုးတက်ရရှိရန် ခေတ်စနစ်ဖြင့် မကိုက်ညီသည့် B.O.T စာချုပ်များကို နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်အောင် ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်နေပြီး ပြင်ဆင်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာ အထောက်အပံ့နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်ပင်ခံအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် B.O.T ကုမ္ပဏီလုပ်ငန်းရှင်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများအဖြစ် အဓိကလမ်းမကြီးများဖြစ်သော မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီး၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်- ဘုရားကြီး- ကျိုက်ထို- သထုံ- မော်လ မြိုင်လမ်း၊ မန္တလေး - စစ်ကိုင်း- မုံရွာလမ်းမကြီးများကို အဆင့်မြင့်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Credit: Eleven Media Group