ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မဟာရန်ကုန်မြို့ကြီးကို ခြေကုတ်ယူပြီး စီးပွားရှာ ဖို့ ကြိုးစားကြသည်။ အင်မတန်ကြီးပွားသွားသူတို့ ရှိသည်။ နည်းနည်းကြီးပွားသူတို့ရှိသည်။ အသင့်အတင့် ပြေလည် သူတို့လည်းရှိကြမည်။ ထိုအခြေအနေကိုကြည့်ပြီး ရန်ကုန်မြို့ကို မှီခိုလိုသူတို့များလာကြခြင်း၏ အကြောင်းအရင်းများထဲက အကြောင်းအချက်တစ်ခုပင်ဖြစ်သည်။
သုညကစသည့်ဘ၀ ဘာကိုတွေးကြောက်ရမည်နည်း ဟု ဘ၀ပြောင်းဖို့ဒေါင်းတင်မောင်းတင်ပြီး ရန်ကုန်မြို့ကို ရောက် လာကြသည်။ ဘွဲ့ဒီဂရီနှင့်ပညာအသင့်အတင့်ပါလာသူက ကုမ္ပဏီ ၀န်ထမ်းအလုပ်တို့ရရှိကြမည်။ အတန်းပညာမပြည့်စုံသူတို့အနေ နှင့်လည်း ခွန်အားကိုအသုံးချပြီး လုပ်ကိုင်မည်ဆိုပါလျှင်လည်း ထိုက်သင့်သည့် အဖိုးစားနားတော့ဖြင့် ရနိုင်သည့်အလုပ်အကိုင် တို့ကမရှားလှပေ။ လုပ်နိုင်လျှင်စားဖို့ကမခက်လှပေ။ ခက်သည် က နေစရာဖြစ်သည်။
ရန်ကုန်တွင် ဆွေမျိုးမရှိသူများအနေနှင့်အနည်းဆုံး အဆောင်ခပေးနိုင်ဖို့တော့ အရင်းအနှီးရှိရပါမည်။ လူပုဂ္ဂိုလ် ဆွေမျိုးများ၊ ဆွေမျိုးရဟန်းသံဃာတို့ သီတင်းသုံးသော ဘုန်း တော်ကြီးကျောင်းတို့ရှိပါလျှင် ထိုကျောင်းတွင်မှီခိုပြီး စိတ်အေး လက်အေးနှင့် အလုပ်ရှာဖွေလုပ်ကိုင်နိုင်ခွင့်ရှိကြသည်။ သို့မဟုတ် ဘဲ အဆောင်နေပြီး အလုပ် ရှာနေသူများအဖို့ အဆောင်ခ မကုန်မီ အလုပ်ရနိုင်ရန်အပူတပြင်း ရှာဖွေရသည်။
ရန်ကုန်တွင် ခြေကုပ်ရနေပြီဖြစ်သော လက်ဖက်ရည် ဆိုင်၊ဘီယာဆိုင်တို့တွင် အဆက်အဆက်နှင့်လာ ရောက်လုပ်ကိုင်သူများအနေနှင့် စားပြီးသောက်ပြီး နေစရာအပြီးအငြိမ်းဖြစ် ၍ နေစရာအတွက် မပူပင်ရပေ။ နေနိုင်အောင်နေတတ်ဖို့သာ လိုပေသည်။
လမ်းဘေးဈေးသည်များဖြစ်သည့် ထမင်းဆိုင်၊ ထမင်း ပေါင်းဆိုင်၊ မုန့်ဟင်းခါး၊ မုန့်တီဆိုင်၊ အသုပ်ဆိုင်၊ သစ်သီးဆိုင် စသည့်လုပ်ငန်းတို့က လုပ်ခနည်းနည်းဖြင့် ခိုင်းနိုင်မည့် အနယ် နယ် အရပ်ရပ်ရှိ အရွယ်မရောက်သေးသည့် ကလေးသူငယ် တို့ကိုခေါ်ယူလာပြီး ခိုင်းကြသည်။ ၎င်းင်းဆိုင်ရှင်တို့အနေနှင့်လည်း အိမ်ပိုင်ရာပိုင်များ မဟုတ်ကြသဖြင့် ၎င်းင်းတို့ငှားရမ်းနေထိုင် ကြသည့်အခန်းမှာပင်အတူတူ ရောနှောနေထိုင်ပြီး စီးပွားရှာ ကြသည်။ ထိုခိုင်းစေမည့်ကလေးတို့အတွက် သီးခြားအခန်းငှား စရာမလိုတော့ပေ။ ထိုအပြင် အကူကလေးများများခေါ်၍ လုပ်တတ်ကိုင်တတ်အောင်သင်ပေးပြီး လူစည်ကားသည့်နေရာများ ရှာဖွေပေးပြီး ထမ်းဆိုင်းကလေးများဖြင့် ဆိုင်ခွဲဖွင့်ရောင်းချစေ သည်။ ဆိုင်ခန်းနေရာငှားခမပေးရသဖြင့် အမြတ်အစွန်းတို့များ များကျန်သဖြင့် မကြာမီပင် အိမ်ပိုင်ရာပိုင် တိုက်ခန်းပိုင်သူတို့ အဖြစ် ရောက်လာကြသည်ကို မြင်တွေ့လာရသည်။
မြို့ပြလူနေမှု၏ စရိတ်စက ကလည်းရှာဖွေရလွယ်ကူ သလောက် သုံးဖြုန်းရလည်း အင်မတန်လွယ်ကူလှပေသည်။ ရှာသမျှကုန်နေသူများအဖို့ အိမ်ပိုင်ရာပိုင်မဖြစ်ဘဲ အိမ်ရာမဲ့ အဖြစ်ဖြင့် အိမ်ငှားနေကြရသည်သူများလည်း ဒုနှင့်ဒေး။
ငွေကြေးစုဆောင်းတတ်သူများအဖို့ များလာသည့် ငွေကြေးဖြင့် တိုက်ခန်းတို့ဝယ်ယူထားရှိကြသည်။ ယခုအခါ ထို အရင်းအနှီးပြုမှုသည် ရွှေ့ပြောင်းလုပ်သားတို့ များလာသော ရန်ကုန်မြို့ကြီးအတွက် အငှားဈေးကွက် တစ်ခုအနေနှင့်ဖြစ်လာ ပေပြီ။ ရန်ကုန်မြို့ကြီးသည် အိမ်ရာလက်ဦးမှုရှိထားသူတို့အနေ နှင့် အရှုံးမရှိသော အရင်းအနှီးတစ်ခုပင်ဖြစ်နေသည်။ မိမိပိုင် အခန်းပိုကို ငှားစားခြင်းဖြင့် စီးပွားဖြောင့်နေသူတို့ အများအပြားပင် ဖြစ်သည်။
မြေညီထပ်အခန်းပိုင်သူတို့အနေနှင့်ရုံးခန်း၊ ဈေးဆိုင် ခန်းဖွင့်လိုသူတို့၏ ဈေးကောင်းပေးမှုကို ရရှိနေပေသည်။ အချက် အချာကျသည့်နေရာဖြစ်နေလျှင် ပိုမိုဈေးကောင်းရကြသည်။အခန်းတစ်ခုပိုင်ဆိုင်ရင်းနှီးထားသူအဖို့ သားစဉ်မြေးဆက် အခွင့် ကောင်းပင်ဖြစ်သည်။ သို့သော်လည်း မြေညီထပ်ကိုငှားရမ်း၍ ဆိုင်ဖွင့်ရုံးဖွင့်သူများအနေနှင့် အမြတ်အစွန်းကျန်ဖို့ထက် ဈေး ကြီးသော ငှားရမ်းခကျေဖို့ မနည်းကြိုးစားနေကြရသည်။
အထပ်မြင့်အခန်းကို ပိုင်ဆိုင်သူတွေအနေနှင့်လည်း အခွင်းအရေးကောင်းမနည်းလှပေ။ ရန်ကုန်မြို့ကြီးလို ရွှေ့ပြောင်း လူဦးရေ အဆက်မပြတ်ဝင်ရောက်ရာနေရာအတွက် အိမ်၊ ခြံ၊ မြေတစ်ခုခုကို ပိုင်ဆိုင်ထားလျှင် လုပ်ကိုင်စားသောက်ဖို့ မခက် လှတော့ပေ။ အထပ်မြင့်အခန်းတို့ကို ပိုင်ဆိုင်ထားသူများအနေ နှင့် အဆောင်အဖြစ်ငှားစားကြသည်။ နေလို့ဖြစ်ပြီး ဈေးသက်သာ သည့် အဆောင်ကိုနေလိုသူတို့အနေနှင့် အထပ်မြင့်မြင့်ကိုတော့ တက်ကြရပေမည်။ အခန်းငှားနေကြမည့်သူများအဖို့ မိမိတို့ နိုင်သည့်ပမာဏနှင့် ကိုက်ညီရာတို့ကို ရွေးချယ်ငှားရမ်းကြရ သည်။ နေလိုသူများနေခြင်းကို အခွင်းကောင်းယူပြီးဈေးကစား ခြင်း များကိုလည်း အခန်းအဆောင်ငှားရမ်းနေ ထိုင်မည့်သူတို့ အနေနှင့် အမြဲတမ်းခံနေကြရသည်။
နေ့စဉ်နှင့်အမျှ များပြားလာသော ရွှေ့ပြောင်းလုပ်သား တို့ကြောင့် ရန်ကုန်မြို့ကြီးသည် အခြေခံလူတန်းစား တို့နေထိုင်ရန် အခန်းအဆောင်တို့ ရှားလာပါသည်။ ထို့ကြောင့် လုယက်ငှား ရမ်းလာရသည့် အခြေအနေသို့ပင် ရောက်နေပေသည်။ အိမ်ရှင် အခန်းရှင်တို့ တောင်းသမျှဈေးကို ငြင်းဆန်ဖို့ပင် ခက်လာသည်။
ဆောက်လုပ်ရေးနှင့် ကွန်ဒိုဈေးကွက် ပျက်နေသည် ပြောပြော၊ အေးစက်နေသည်ဟု ပြောပြော ရန်ကုန်မြို့၏အငှားဈေးကွက် မှာ လက်ခမောင်းခတ်မြဲပင်ဖြစ်သည်။ သက်ဆိုင်ရာ နယ်မြေပွဲစား တို့ထံ လိုအပ်သောအခန်းရှာခိုင်းလျှင် အကြိုက်တွေ့လျှင် ချက်ခြင်း စာချုပ်နိုင်ဖို့ ကြိုးစားကြရသည်။ သို့မဟုတ်ပါက မိမိလိုပင် အခန်းလိုအပ်နေသူတို့က လက်ဦးမှုရယူပြီးငှားရမ်းသွားကြသည် ကို ကြုံတွေ့ကြရပါလိမ့်မည်။ ဘယ်အခန်းရှင်နှင့် ဘယ်ပွဲစားက မှ စောင့်နေမည်မဟုတ်ပေ။
ရန်ကုန်မြို့တော်ကြီးတွင် လက်ရှိ အငှားတိုက်ခန်းတို့သည် ဈေးကြီးလှပါသော်လည်း အခန်းလွတ်မရှိသလောက်ပင် ရှားပါးလှပါသည်။ အခန်းရှားလှသဖြင့် တစ်ယောက်ဆင်းလျှင် တစ်ယောက်တက်ဖို့က အဆင်သင့်ရှိနေပေသည်။
ရန်ကုန်မြို့ကြီးတွင် နောက်တိုးလာမည့် အဆောက် အအုံနှင့် တိုးဝင်လာကြမည့် ရွှေ့ပြောင်းလုပ်သားဦးရေတို့ကြောင့် အငှားအိမ်ရာတို့သည် လိုအပ်မြဲ လိုအပ်နေဦးမည့် သဘောရှိပါ သည်။ နောက်တိုးလာမည့် အဆောက်အအုံတို့သည် မည်မျှ လျင်လျင်မြန်မြန် ပေါ်ထွန်းလာပြီး ငှားရမ်းနေထိုင်လိုသူများ အတွက် ဖြည့်ဆည်းပေးနိုင်ပါမည်လဲ။
ရန်ကုန်မြို့လယ်တစ်ဝိုက်တွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော် ၆၀၀န်ကျင်က ဆောက်ခဲ့သော လူနေတိုက်ခန်းတို့ သည် ယခုအခါ သဘာဝတရားတို့၏ အတွန်းအတိုက်တွင် အတော်ပင် ဆွေးမြေ့နေကြပါပြီ။ ထိုတိုက်အို တိုက်ဆွေးတို့နေရာ တွင် ကန်ထရိုက်တိုက်သော်လည်းကောင်း၊ ကွန်ဒိုတိုက်ခန်းများ သော်လည်းကောင်း ဆောက်နိုင်ကြဖို့ ရှိပေရာသည်။ ကွန်ဒိုတိုက် ခန်းတို့ ပွားများလာပါလျှင် သာမန်လူတန်းစားတို့အတွက် အငှား တိုက်ခန်းရရှိမှု နည်းသွားမည်ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်း ကြီးများ လာရောက်လုပ်ကိုင်ကြ နိုင်ငံခြားသားများနှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက်မှာ ခန့်ညားသည့် ရုံးခန်း ဆိုင်ခန်းနှင့် လူနေခန်းတို့ ရရှိလာပါမည်။
ကန်ထရိုက်တိုက်ခန်းတို့အနေနှင့် ထွက်ပေါ်လာမည် ဆိုပါလျှင်လည်း ဓာတ်လှေကားမပါသဖြင့် ပေ ၄၀ x ပေ ၆၀ မြေ ကွက်ပေါ်တွင် ရင်ကွဲရှစ်ထပ်တိုက်ဆိုပါလျှင် ၁၆ ခန်းတော့ ရရှိ ပါလိမ့်မည်။ ထိုတိုက်တို့မှ အငှားတိုက်ခန်းအနေနှင့် မည်မျှထွက် လာမည်နည်း။ နေဖို့ဝယ်ယူသည့် အခန်းများကို နှုတ်လိုက်လျှင် အငှားနေလိုသူတို့အတွက် အငှားတိုက်ခန်းလုပ်မည့် အခန်းအရေ အတွက်သည် သိပ်ပြီး ကျန်လှတော့သည်မဟုတ်ပေ။ တိုးပွားလာသည့် လူဦးရေကများပြီး တိုးပွားလာသည့် တိုက်ခန်းအရေ အတွက်က နည်းလှသည်။ နောက်ပိုင်းတွင်တိုးလာသည် တိုက်ခန်းတို့သည် အဆင့်မြင့်တိုက်ခန်းတို့ဖြစ်နေပြီး အောက်ခြေလူ တန်းစားတို့ ငှားရမ်းနေထိုင်ဖို့ တိုက်ခန်းတို့သည်နည်းပါး လာ ပါသည်။
ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားတို့သည် တိုးချဲ့မြို့နယ် တို့၏ ငှားရမ်းခနည်းပါးလှသည့် အခန်းတို့ကိုရှာဖွေ ငှားရမ်းနေ ထိုင်ကြပြီး လူစည်ကားရာ ရန်ကုန်မြို့လယ်တို့တွင် လာရောက် ၍ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ကြသည်။ သို့သော်လည်း ယခု နောက်ပိုင်းတွင် မြို့အစွန်အဖျားတို့သည်လည်း ရွှေ့ပြောင်းလုပ်သားတို့ ငှားရမ်းနေထိုင်မှုများလာရာ ထိုနေရာတစ်ဝိုက်သည်လည်း ငှားရမ်းနေထိုင်မှုစရိတ် မြင့်မားလာပြန်သည်။ ထို ထဲမှ ငှားရမ်းနေထိုင်ရန်ပင် ခက်ခဲလာသူတို့သည် လွတ်နေသော မြေနေရာတို့နှင့် ကားလမ်းဘေးဝဲယာတို့တွင် တဲထိုးကာဖြစ်သလို နေထိုင်ကြရသည့် အနေအထားသို့ပင်ရောက်လာကြသည်။
လိုအပ်ချက်မြင်မားနေဆဲ လူတို့နေထိုင်ရန် တိုက်ခန်း တို့ကို အစိုးရမင်းအပေါင်းတို့အနေနှင့် ပြည်သူလူထုအတွက် မဖြစ်မနေ ဖြေရှင်းပေးနေရသည်။ ကျူးကျော်အတွက် ဖြေရှင်ပေး နေရသလို၊ ငှားရမ်းနေထိုင်လိုသူများအတွက်လည်း အငှားအိမ်ရာ တိုက်ခန်းတို့ကို တစ်လသုံးသောင်းကျော်ခန့်ဖြင့် ငှားရမ်းနေထိုင်နိုင်အောင် လုပ်ဆောင်မည်ဟု လေသံပစ်နေသော်လည်း လူထုအတွက် သိသာထင်ရှားသောပြောင်းလဲမှု မတွေ့ရသေးပေ။
အစိုးရလုပ်ပေးတာနောက်ထား ငှားရမ်းခနင့်နင့်နှင့် ပင် သွားလာရအချိန်ကုန်သက်သာမှုနှင့်ခရီးစရိတ် သက်သာမှု တို့အတွက် ပန်းပန်နေဆဲ မြို့ထဲအငှားတိုက်ခန်းတို့ကိုသာ ဖက်တွယ်နေရဆဲဖြစ်ပါတော့သည်။
ဦးအောင်ခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com