ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
Economist Intelligence Unit (EIU) ဗြိတိန်သုတေသနနှင့် အကြံပေးကုမ္ပဏီမှ ပြုလုပ်သည့် ယခုနောက်ဆုံးလေ့လာမှုက စင်္ကာပူသည် နယူးယောက်ထက် ၇ ရာခိုင်နှုန်း ကုန်ကျစရိတ်ပိုမိုများပြားကြောင်း တွေ့ရှိခဲ့သည်။
စင်္ကာပူသည် ယခုအခါ ဟောင်ကောင်နှင့် ပဲရစ်တို့နှင့်အတူ ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံးမြို့ဖြစ်လာကြောင်း EIU ၏ ၂၀၁၉ ခုနှစ်ကမ္ဘာ့နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းအရ သိရသည်။
ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၁၃၃ မြို့၏ အမျိုးအမည်ပေါင်း ၁၅၀ ကျော်၏ ဈေးနှုန်းများကို နှိုင်းယှဉ်ကာ ၎င်းစစ်တမ်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စင်္ကာပူနှင့် ဒေသတွင်းပြိုင်ဘက်ဟောင်ကောင်တို့သည် နယူးယောက်ထက် ၇ ရာခိုင်နှုန်း ပိုမိုဈေးကြီးသည်။ နယူးယောက်သည် ဆိုးလ်၊ ကိုပင်ဟေဂင်တို့နှင့်အတူ သတ္တမနေရာတွင် ဖော်ပြခံခဲ့ရသည်။
စင်္ကာပူရှိ ပျမ်းမျှဈေးနှုန်းများမှာ အများအားဖြင့် ကျဆင်းခဲ့ကြောင်း EIU ၏ မှတ်တမ်းများအရ သိရသည်။ ၃၃၀ ml ဘီယာတစ်ဘူးလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇ ဒေါ်လာ ရှိပြီး ပြီးခဲ့သည့်နှစ်အောက် ၆ ဒသမ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပေါင်မုန့် တစ်ကီလိုဂရမ်လျှင် ပျှမ်းမျှဈေးနှုန်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၀ ဒေါ်လာရှိပြီး ၈ ဒသမ ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အမျိုးသမီးတစ်ဦး၏ ဆံပင်ညှပ်ခမှာ အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၁ ဒေါ်လာ ဖြစ်ပြီး ၁ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူသည်လည်း ဆယ်နေရာခုန်တက်ခဲ့ပြီး နံပါတ် ၈၈ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဘန်ကောာက် (ထိုင်း) နှင့် မနီလာ (ဖိလစ်ပိုင်) တို့ကလည်း ကိုးနေရာစီခုန်တက်ခဲ့ပြီး နံပါတ် ၄၁ နှင့် ၉၂ နေရာတို့၌ အသီးသီးဖော်ပြခံခဲ့ကြရသည်။ ဟနွိုင်း (ဗီယက်နမ်) နှင့် ဖနွမ်းပင် (ကမ္ဘောဒီးယား) တို့ကလည်း ခြောက်နေရာစာ မြင့်တက်ခဲ့သည်။
ဈေးအကြီးဆုံး ၁၀ မြို့တွင်ပါဝင်ပြီး ဖော်ပြရန်ကျန်ရှိသောမြို့များမှာ ဇူးရစ် (စတုတ္ထ)၊ ဂျနီဗာနှင့် အိုဆာကာ (ပူးတွဲပဉ္စမ) နှင့် တဲလ်အဗစ်နှင့် လော့စ်အိန်ဂျလိစ်(ပူးတွဲဒဿမ) တို့ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)