ဗဟုသုတ | Posted by ရွှေစင်ဝင်း
အတုအယောင်တွေ ပေါလှတဲ့ ယနေ့ခေတ် အခါသမယ မှာ အတုနဲ့အစစ် ခွဲခြားပေး နိုင်သူ ကျွမ်းကျင်သူမရှိပါက ၀ယ်သူများမှာ ရောင်းမှားဝယ်မှား တွေဖြစ်ကြရတာကို တွေ့မြင်လာရပါတယ်။ ဌာနဆိုင်ရာများပင် ယင်းသို့သော ကိစ္စများကို အချိန်ပေး၍ ဖြေရှင်းပေးရသည်အထိ အလုပ်တွေ ပိုလာတာကို တွေ့ရပါတယ်။
မာယာများတဲ့မြေ အတုအစစ် သိဖို့ခက်သလေ
များသောအားဖြင့် မြေနဲ့ပတ်သက်လာရင် ပါမစ်မြေ တွေဟာ နားလည်ရခက်ခဲတာကို တွေ့ရပါတယ်။ အတုလား အစစ်လားဆိုတာကို သက်ဆိုင်ရာဌာနက တာဝန်ရှိသူများ သာ အသိဆုံးဖြစ်ပါတယ်။ အတု အစစ်ခွဲခြားပေးနိုင်ပါတယ် ဆိုတဲ့ အိမ်ခြံမြေအကျိုးဆောင်အချို့ပင် ခွဲခြားနိုင်စွမ်းအပြည့် မရှိကြပါဘူး။ အဲဒီလို အတုအစစ်ခွဲခြားရခက်ခဲတဲ့ ကာလကြီးမှာ အချို့သော ၀ယ်သူများကလည်း မြင်းစီးလို့မှ အထီးမှန်း အမ မှန်းမသိကြသူတွေက ရှိသေးတယ်။ ဈေးသက်သာတယ်ဆိုရင် ၀ယ်ယူချင်ကြတယ်။ ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကို သတိ မထားတတ်ကြဘူး။ မြေဆိုတဲ့အရာကလည်း အတော်မာယာ များတာကို လူတိုင်း သတိမထားကြမိဘူး။
ပါမစ်ပျောက်နဲ့ ဂရန်သစ်ရင်လိုအပ်တဲ့ အထောက်အထားများ
အချို့ကလည်း စာရွက်စာတမ်းက အဓိကအရေး မကြီးဘူးထင်တယ်။ ရောင်းသူက မြေကွက်ကြီးလက်ရောက် ပေးရင် ခိုင်မာသွားပြီလို့ ထင်တတ်ကြတယ်။ အဲဒီအထင်မှား အမြင်မှားမှုရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ သောကတွေ အများကြီးရှိပါ့မလားလို့ ကြိုပြီးမတွေးကြဘူး။ တကယ့်အရေး နဲ့တွေ့တော့မှ ဟိုလူအကူအညီတောင်းရ ဒီလူအကူအညီ တောင်းရ ဖြစ်တတ်ကြတယ်။
မလိမ့်တပတ်လှည့်တတ်သူများနဲ့ ပါမစ်ပျောက်ကိစ္စ
ဖြစ်တတ်တဲ့ အကြောင်းအရာတွေထဲမှာ ပါမစ်မြေ အ၀ယ်မှားတဲ့ကိစ်္စတွေပါပဲ။ ပါမစ်မြေဆိုတာ လက်သစ်တွေ လက်ဟောင်းတွေ အမျိုးမျိုးရှိနေလို့ ခွဲခြားရတာ အခက်အခဲ ရှိပါတယ်။ အဲဒီလို ခက်ခဲပါတယ်ဆိုကာမှ အချို့ကလည်း ပေါချောင်ကောင်းလိုက်တဲ့ လူတွေရှိသေးတယ်။ ပါမစ်ပျောက် သွားလို့ဆိုပြီး ၀ယ်သူကို မြေကွက်လက်ညှိုးထိုးရောင်းတာကို ၀ယ်လိုက်မိတဲ့လူက ရှိသေးတယ်။ အို...စုံလို့ပါပဲ။
မြက်မကျွေး၊ ရေမတိုက်ရတိုင်း ပစ်မထားသင့်တဲ့မြေ
အိမ်ခြံမြေလောကမှာ ငွေရရင် အလွယ်တကူလက်မှတ်ထိုး တတ်ကြ
အချို့သော မြေကွက်တွေကိုရောင်းစဉ်က (၁၀)သိန်း လောက်ပဲရှိပေမယ့် အခုအခါမှာတော့ (ပေ၄၀ xပေ၆၀)တစ် ကွက်ကို အနည်းဆုံးသိန်း(၃၀၀)လောက်ပေါက်နေတယ်လေ။ အဲဒီမြေကွက်ကိုလိုချင်တဲ့သူက သေသူရဲ့ဇနီးကို (၁၀)သိန်း လောက်ပေးလိုက်ပြီး အဆင်သင့်ပြုလုပ်ထားတဲ့ အိမ်ခြံမြေ အရောင်းအ၀ယ်စာချုပ်ပေါ်မှာ ရောင်းသူအဖြစ်လက်မှတ်ထိုး ခိုင်းလိုက်တယ်။ ဇနီးဖြစ်သူကလည်း အလကားရတာပဲ၊ နတ် သိကြားမ,တာပဲထင်ပြီး လွယ်လွယ်ကူကူနဲ့ လက်မှတ်ရေးထိုး ပေးလိုက်တယ်လေ။ လက်မှတ်ထိုးခိုင်းသူကလည်း နဂိုကတည်းက အကြံ အစည်ရှိပြီးသားလေ။ အဲဒီအရောင်းအ၀ယ်စာချုပ်ကိုပြပြီး ပါမစ်ပျောက်ဆုံးကြောင်း ရပ်ကွက်ထောက်ခံစာယူတယ်။ ရဲစခန်းထောက်ခံစာယူတယ်။ ကျမ်းကျိန်တယ်။ အဲဒီအထောက် အထားတွေပြပြီး မြို့တော်စည်ပင်မှာ ပါမစ်ပျောက်တဲ့အနေနဲ့ ဂရန်သွားလျှောက်တယ်။
စာမဖတ်တော့ အကန်းနဲ့တူတယ်
ဌာနဆိုင်ရာကလည်း ထုံးစံအတိုင်းလျှောက်ထားတဲ့ မြေကွက်ကိုလာပြီး ကွင်းဆင်း စစ်ဆေးပေးတယ်။ မြေကွက်လပ် ဖြစ်တယ်။ လူမရှိဘူး။ သတင်းစာမှာကန့်ကွက်ရန် ရှိမရှိ ကြော်ငြာတယ်။ ကန့်ကွက်မယ့်သူမရှိဘူး။ ဘယ်ကန့်ကွက်သူ ရှိမှာလဲ။ မြေချပါမစ်ဝယ်ထားသူတွေက ကြေးမုံသတင်းစာနဲ့ မြို့တော်သတင်းစာကို ပုံမှန်ဖတ်တဲ့သူတွေမှ မဟုတ်ဘဲ။ ကန့် ကွက်ရန်ကြော်ငြာရင်လည်း သိမှာတောင် မဟုတ်ဘူး။
ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဘယ်သူမှသွားမကြည့် ကြဘူး
ဌာနဆိုင်ရာကတော့ ကန့်ကွက်ရန် ရှိမရှိ ရပ်ကွက် နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း ကြော်ငြာ သင်ပုန်းမှာ ကပ်ပြီးကြော်ငြာပေးထားတာပဲ။ ပါမစ်ဝယ်ယူ ထားသူကလည်း ယင်းမြေကွက်ရှိတဲ့နေရာမှာနေတာမဟုတ် ဘူးလေ။ (ဥပမာ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့မြို့နယ်မှာ နေတဲ့ သူတွေမဟုတ်ဘူး) ၀ယ်ထားသူတွေနေတာက တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပမြို့နယ် စတဲ့နေရာတွေမှာနေတာ လေ။ ဘယ်လိုလုပ်ပြီး အဲဒီရုံးတွေမှာ ကပ်ထားပေးရလည်း သိကြာမှာမဟုတ်ဘူးလေ။ မြို့ပြစီမံကိန်းနဲ့ မြေစီမံဌာနကတော့ ကန့်ကွက်ချက်ရှင်းလို့ သတ်မှတ်တဲ့ ငွေ ၅၀၀၀၀ (ငါးသောင်းနီးပါး) သွင်း ခိုင်းပြီး လျှောက်ထားသူကို မြေငှားစာချုပ်ဂရန်အသစ်ကြီး ပေးလိုက်တယ်လေ။ ဒီလိုဂရန်သစ်ထုတ်သွားတဲ့အထိ မြေချပါမစ်မူရင်း ကိုင်ထားတဲ့သူက ဘာမှမသိရှာဘူး။ အခုလိုကာလအရောင်း အ၀ယ်တွေ အေးနေတဲ့အချိန်မှာ ငါ့လက်ထဲမှာရှိတဲ့ မြေချ ပါမစ်ကို အနှစ် (၆၀)ဂရန်လျှောက်ထားလိုက်ပါဦးမယ်လေ ဆိုပြီး မြို့တော်ခန်းမမှာ ဂရန်သွားလျှောက်တယ်။ ပါမစ်မူရင်း ပြနိုင်သူဖြစ်တော့ မြေစီမံဌာနကလည်း ဂရန်သစ်လျှောက် ထားခွင့်ပြုလုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် ငွေငါးသောင်းတော့ အရင်ပေးလိုက်ရတာပဲ။
ဂရန်သစ်ထုတ်ယူသွားသူ မျက်နှာမပြရဲ၊ ဆိုင်းငံ့ပေးဖို့လျှောက်
တကယ်လည်း မြို့မြေစာရင်းမှာ မြေရာဇ၀င်လည်း စစ်ဆေးကြည့်ရော၊ အခြားတစ်ဦးက ပါမစ်ပျောက်နဲ့ ဂရန် သစ်လျှောက်ကာ ထုတ်ယူသွားပြီလို့ သိရတော့တယ်။ အဲဒီတော့မှ ပါမစ်ကိုင်ထားသူလည်း ငယ်ထိပ်မြွေပေါက်ခံရသလို ဖြစ်ပြီး အဲဒီဂရန်ထုတ်ယူသွားသူကို ခေါ်ပေးပါလို့ တင်ပြရ တော့တာပေါ့။ မြေစီမံဌာနက ဂရန်ထုတ်ယူသွားသူကို အကြောင်းကြားစာထုတ်ပြီးခေါ်တယ်။ ထုတ်ယူသွားသူက မလာဘူး၊ ခေတ်္တဆိုင်းငံ့ပေးပါဆိုပြီး အကြောင်းပြန်ကြားစာပို့တယ်။ သုံးကြိမ်တိုင်တိုင် မြေစီဌာနက ခေါ်ပေးတယ်။ ထုတ် ယူသွားသူက မလာဘူး။ သုံးကြိမ်တိုင်တိုင်ခေါ်လို့ မလာတဲ့ အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပါမစ်ပျောက်နဲ့ ဂရန်သစ် လျှောက်ထားသူရဲ့ ဂရန်မူရင်းပယ်ဖျက်ပြီး ပါမစ်မူရင်းလက် ၀ယ်ရှိသူကို နှစ် (၆၀)ဂရန်သစ်ထုတ်ပေးလိုက်ပါတော့တယ်။ အဲဒီအခါမှ ပါမစ်မူရင်းကိုင်ထားသူဟာလည်း အချိန်မီ အနှစ်(၆၀)ဂရန်သစ် လျှောက်ထားမှုနောက်ကျရခြင်းရဲ့ ဆိုးကျိုးဒုက်္ခမှ လွတ်ကင်းပြီး ဂရန်သစ်ကိုကိုင်ရင်း ပြုံးပျော် ရွှင်မြူးနိုင်ပါတော့တယ်။
မြေချပါမစ်ကိုင်ထားသူများ သတိထား၊ အမှာစကား ပါးလိုက်ရပါတယ်။
သုခိ အတ္တာနံ ပရိဟရန္တု
ခေတ္တရာမြင့်အောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com