ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ရန်ကုန်-ဒလတံတား (ကိုရီးယား- မြန်မာချစ်ကြည်ရေးတံတား) ၁ စင်းမက ၁ဝ စင်းထိုးလည်း ဒလ အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်နိုင်ခြေမရှိတော့ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) မှ ဒုဥက္ကဋ္ဌ ဦးသိန်းလှညိုက သုံးသပ်ပြောကြားလိုက်သည်။
ဒလအိမ်ခြံမြေဈေးမြင့်တက်မှုသည် ဒလတံတားစီမံကိန်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှုနှင့်သာ သက်ဆိုင်ကြောင်း ဦးသိန်းလှညိုက ပြောသည်။
'' ဒလအိမ်ခြံမြေဈေးဆက်ပြီး မမြင့်တက်နိုင်ဘူး။ အိမ်ခြံမြေဈေးတွေ ဘာကြောင့် မြင့်တက်နိုင်မှုမရှိတော့ဘူးပြောနိုင်ရတာလဲဆိုရင် ငွေကြေးဖောင်းပွမှု မရှိလို့ဘဲ။ လူတွေ လက်ထဲမှာ ငွေရှိမှဝယ်ကြမှာ။ ငွေမရှိရင် ဘာနဲ့ဝယ်မှာလဲ။ ငွေကြေးဘာကြောင့် ဖောင်းပွမှုမရှိတော့တာလဲဆိုရင် မင်္ဂလာဒုံ ဇေကမ္ဘာဝင်းထဲမှာရော၊ မြောက်ဒဂုံနေအိမ်မှာရော စံချိန်တင်တဲ့ မူးယစ်ဆေးဝါးမှုတွေဖမ်းမိတယ်။ နောက်ပြီးတော့ ရေပူစမ်း၊ မရမ်းချောင်တွေမှာရော တရားမဝင်ပစ္စည်းတွေဖမ်းနေတယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေ နည်းပါးလာတယ်။ ဟိုအရင်တုန်းကဆိုရင် ဝေစားမျှစားကြတယ်။ ဝါဇီကနေပြီးတော့ ဟိုအရင်က ပိုက်ဆံကို လိုရင်လိုသလိုထုတ်တယ်။ ဒါကလည်း ငွေကြေးဖောင်းပွမှုထဲပါတယ်။ အဓိကတော့ ငွေကြေးဖောင်ပွမှု၊ နံပါတ် ၁ ကတော့ မူးယစ်ဆေးဝါးပဲ။ အဲဒီငွေမည်းတွေကို ငွေဖြူလုပ်တဲ့နည်းကတော့ အများကြီးပဲ။ အဓိကတော့ အိမ်ခြံမြေဈေးကွက်ပဲ၊ အိမ်ခြံမြေတွေဝယ်တယ်။ ရှုံးရှုံးမြတ်မြတ်ဝယ်တယ်၊ ရောင်းတယ်။ ရောင်းရတဲ့ငွေကို ဘဏ်ကိုသွင်းတော့ ငွေဖြူဖြစ်တယ်။ လူတွေလက်ထဲမှာ ငွေကြေးမဖောင်းပွ တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုကလည်း အရင်ကထက် အဆမတန်ထိန်းချုပ်ထားတဲ့အတွက် တံတားက ၁ဝ စင်းထိုးလည်း ဈေးမတက်ဘူး။ ဘယ်နှစင်းပဲထိုးထိုး ဈေးတက်နိုင်စရာအကြောင်းမရှိတော့ဘူး''ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေဈေးနှုန်းများကျဆင်းခြင်းသည် အမှန်အကန်နေထိုင်လိုကြသည့် ပြည်သူများအတွက် အိုးပိုင် အိမ်ပိုင်နှင့်နေ ထိုင်နိုင်မည်အခွင့်အလမ်းပေါ်ပေါက်လာ ခြင်းဖြစ်၍ ကောင်းသောလက္ခဏာဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ငွေကြေးဖောင်းပွမှု အထိုက်အလျောက်ရှိနေခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ငွေကြေးဖောင်းပွမှု သိသိသာသာလျော့နည်းသွားကြောင်း ဦးသိန်းလှညိုကပြောသည်။
'' ခုအစိုးရလက်ထက် တံတားထိုးမယ်ဆိုတော့လည်း ထပ်တက်တယ်။ ဈေးနှုန်းတွေမြင့်တက်ပြီးတော့ ပြန်မကျတော့ တာ။ ရှမ်းတရုတ်တွေ ဆင်းပြီးဝယ်တော့ ဈေးတက်တာ။ သူတို့ကဈေးနှုန်းမကြောက်ဘူး။ မြေကွက်ရဖို့ ဝယ်ကြတာ။ သူတို့ မဆင်းတော့ အရောင်းအဝယ်ကတော့ အေးနေတာ။ တံတားထိုးခြင်း၊ မထိုးခြင်းနဲ့သိပ်မဆိုင်ဘူး။ ခုဟာက ရန်ကုန်မြို့သစ်စီမံကိန်းတွေရောဆိုတော့ ဈေးကွက်တွေက ပြန့်သွားတော့ တန့်သွားကြတယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း မရင်းနှီးနိုင်တော့ဘူး''ဟု iHome ဒလအိမ်ခြံမြေ အကျိုးဆောင်မှ ဦးဥာဏ်ဌေးက ပြောသည်။
ဒလအိမ်ခြံမြေဈေးကွက်မှာ လက်ရှိအချိန်တွင် အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် တံတားအဆင်း၊ ဓနုတ်လမ်းမကြီးတွင် ပေ ၄ဝ x ၆ဝ တကွက် သိန်း ၆ဝဝဝ၊ ဒလ-တွံတေးလမ်းမကြီးဘေးတွင် ပေ ၄ဝ x ၆ဝ တကွက် သိန်း ၇ဝဝဝ၊ အတွင်းပိုင်းတွင် ၂ဝx ၆ဝ အကွက်များ၊ ၂၅ x ၅ဝ အကွက်များ အနိမ့်ဆုံးသိန်း ၃၅ဝ ရှိကြပြီး အရောင်းအဝယ် အတက်အကျမရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။
Credit: News Watch