ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဟောင်ကောင်အခြေစိုက် Henderson Land Development ၏ ဥက္ကဌ၊ ဟောင်ကောင်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် တစ်ဦး အပါအဝင်ဖြစ်သူ လီရှောက်ကီသည် ကုမ္ပဏီအကြီးအကဲရာထူးမှ အနားယူရန် စီစဉ်နေကြောင်း ဟောင်ကောင် စတော့အိတ်ချိန်းသို့ အသိပေးကြေညာချက်တွင် ဖော်ပြသည်ဟု ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လီရှောက်ကီသည် ယခုလအတွင်းတွင် အသက် ၉၀ ပြည့်မွေးနေ့ ကျရောက်ခဲ့ပြီးနောက် မေလ ၂၈ ရက်တွင် ကျင်းပမည့် ဘုတ်အဖွဲ့အစည်းအဝေးတွင် ကုမ္ပဏီထိန်းချုပ်မှုအား လွှဲပြောင်းပေးသွားရန် အဆိုပြုထားသည်။
အဆိုပါ အစည်းအဝေးတွင် ပီတာ လီ ကာကစ်နှင့် သားငယ် မာတင် လီကာရှင်းတို့ကို ဒါရိုက်တာ၊ ပူးတွဲဥက္ကဌရာထူးများ လွှဲပြောင်းပေးသွားမည့် ဆုံးဖြတ်ချက် ချမှတ်သွားမည်ဟု ဆိုသည်။
ယခုကဲ့သို့ အရိုက်အရာလွှဲပြောင်းပေးရခြင်းမှာ အသက်အရွယ်အရလည်းတစ်ကြောင်းဖြစ်သည်ဟု လီရှောက်ကီ၏ ကြေညာချက်တွင် ဖော်ပြသည်။
လီရှောက်ကီ၏ ခေတ်ပြိုင်သူဌေးကြီးဖြစ်သူ လီကာရှင်းက CK Asset Holdings နှင့် ချုံကောင်းကုမ္ပဏီလက်အောက်ရှိ ကုမ္ပဏီများကို သားဖြစ်သူ ဗစ်တာလီအား လွှဲပြောင်းပေးပြီး တစ်နှစ်ကျော်အကြာတွင် လီရှောက်ကီကလည်း ယခုကဲ့သို့ အရိုက်အရာလွှဲပြောင်းမှု ပြုလုပ်လာခြင်း ဖြစ်သည်။
လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်း New World Development တည်ထောင်သူ ချင့်ယူထုံ ကွယ်လွန်သွားမှုနှင့်အတူ ဟောင်ကောင်၏ အိမ်ခြံမြေသူဌေးကြီးများ ပထမမျိုးဆက်သည် အိမ်ခြံမြေဈေးကွက်များကို ၎င်းတို့၏ မျိုးဆက်များထံ လွှဲပြောင်းမှုများ ပြုလုပ်လာနေကြသည်။
တရုတ်ပြည် ကွမ်တုံပြည်နယ်၊ ရွှန်းဒီမြို့ဇာတိဖြစ်သူ လီရှောက်ကီသည် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် တရုတ်နယ်စပ်ကိုဖြတ်ကာ ဟောင်ကောင်သို့ အခြေချခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် Henderson Land ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ၁၉၈၀ တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး ရှယ်ယာ ၇၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)