ဗဟုသုတ | Posted by အေးမြတ်သူ
လင်နှင့်မယားတစ်ပြိုင်တည်း သေဆုံးချိန်တွင် အမွေဆက်ခံမည့် သားသမီးများရှိလျှင် အကြောင်းမဟုတ်သော်လည်း သားသမီးများမရှိသဖြင့် နှစ်ဖက်ဆွေမျိုးများသာ ကျန်ရှိလျှင် အမွေ ခွဲဝေရန် အငြင်းပွားနိုင်ပါသည်။ ထို့အပြင် လင်ဖြစ်စေ ၊ မယားဖြစ်စေ အရင်ကွယ်လွန်ပြီး နောက်များမကြာမီတွင် ကျန်ရှိသူ လင် သို့မဟုတ် မယားသည်လည်း ထပ်မံသေဆုံးခဲ့ပြီးသားသမီးမကျန်ရစ်လျှင်လည်းနှစ်ဖက်ဆွေမျိုးများ အမွေခွဲဝေမှု အငြင်းပွားတတ်ပါသည်။ ထို့ကြောင့် အောက်ပါ အတိုင်း ဖော်ပြပေးလိုက်ပါသည်။
(၁) လင်နှင့် မယားတစ်ပြိုင်တည်းသေဆုံးပြီး သားသမီးမကျန်ရစ်လျှင် လင်နှင့် မယားတို့၏ နှစ်ဖက်မိဘဆွေမျိုးများက ကျန်ရစ်သော ပစ္စည်းများကို အညီအမျှ ခွဲဝေယူကြရသည်။
(၂) လင် (သို့) မယားတစ်ဦးတည်း အရင်သေဆုံးပြီးများမကြာမီ ကျန် လင် (သို့) မယားသေဆုံးကာ သားသမီးမကျန်ရစ်လျှင် လင်နှင့်မယားတို့၏ နှစ်ဖက်မိဘဆွေမျိုးများက ကျန်ရစ်သော ပစ္စည်းများကို အညီအမျှ ခွဲဝေယူကြရသည်။
(၃) လင် (သို့) မယားတစ်ဦးတည်း အရင်သေဆုံးပြီး ကြာရှည်စွာ နေပြီးမှ ကျန် လင် သို့ မယားသေဆုံးကာ သားသမီးမကျန်ရစ်လျှင် နောက်မှ သေဆုံးသော လင် (သို့) မယား၏ မိဘဆွေမျိုးများကသာ ကျန်ရစ်သော ပစ္စည်းများကို ခွဲဝေယူကြရသည်။
မမြင့်နှင့် မတုပ် အမှု၌ လင်နှင့် မယားတို့တွင် သားသမီးမရှိ ၊ လင်ဖြစ်သူက ရှေ့ဦး သေဆုံးပြီးနောက် (၁)လနှင့် ရက်(၂၀)အကြာ မယားဖြစ်သူ သေဆုံးသည်။ ပစ္စည်းများမှာ မယား၏ မိခင်လက်၌ ကျန်ရစ်ခဲ့သည် ။ ထိုအခါ လင်၏ မိခင်ဖြစ်သူ က သားနှင့် ချွေးမတို့၏ ကျန်ရစ်သည့် ပစ္စည်းများမှ အမွေတစ်ဝက်ကိုရလိုကြောင်း မယား၏ မိခင်အား တရားစွဲသည်။ ထိုစီရင်ထုံး၌ အကြောင်းထူးမရှိဘဲ (၁)လကျော်လွန်ခဲ့သဖြင့် များမကြားမီ ဟု မယူဆနိုင်ကြောင်း ဆုံးဖြတ်၍ လင်ဖြစ်သူ၏ မိခင်ကို အရှုံးပေး လိုက်သည်။ မဖွားအိုနှင့် မလေး စီရင်ထုံး၌လည်း လင်သည် မယားကွယ်လွန်ပြီးနောက် (၂)လ နှင့် (၁၄)ရက်အတွင် သေဆုံးရာ ထိုအချိန်ကာလသည် နှစ်ဖက်ဆွေမျိုးများ ပြိုင်တူ အမွေဆက်ခံနိုင်ရန် အတွက် များမကြာမီ ဟု မဆိုနိုင်ကြောင်း စီရင်ထုံးဖွဲ့ထားသည်။
ထို့ကြောင့် များမကြာမီ ဆိုသည်မှာ အကြောင်းထူးမရှိလျှင် (၁)လထက်မပိုသော အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး လင် (သို့) မယား သေဆုံးပြီးနောက်ကျန် လင် (သို့) မယားသည် (၁)လ အတွင်းသေဆုံးခဲ့လျှင် နှစ်ဖက်ဆွေမျိုးများ အညီအမျှ ခွဲဝေယူကြရပြီး လင် (သို့) မယားသည် (၁)လထက်ကျော် လွန်မှ သေဆုံးခဲ့လျှင် ထိုနောက်မှသေဆုံးသော လင် (သို့) မယား၏ ဆွေမျိုးများကသာ အမွေဆက်ခံခွင့်ရှိကြောင်း တင်ပြလိုက်ရပါသည်။
Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar