တရုတ်ရင်းနှီးမြှုပ်နှံသူများသည် စင်္ကာပူ၏ နေရာကိုအစားထိုးကာ မလေးရှားအိမ်ခြံမြေ၏ အကြီးဆုံးနိုင်ငံခြားဝယ်လက်များ ဖြစ်လာပြီဖြစ်သည်။ မလေးရှားအိမ်ခြံမြေ၏ အကြီးဆုံးနိုင်ငံခြားဝယ်လက်များအဖြစ် စင်္ကာပူက ကာလရှည်ကြာနေရာယူခဲ့သည်။
ပြီးခဲ့သည့် သုံးနှစ် (၂၀၁၄ - ၂၀၁၆) အတွင်း မလေးရှားအိမ်ခြံမြေတွင် တရုတ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ (ပေါင် ၁ ဒသမ ၆ သန်း) ရင်းနှီးမြှုပ်နှံခဲ့ပြီး စင်္ကာပူက အမေရိကန်ဒေါ်လာ ၉၂၈ သန်း (ပေါင် ၇၂၈ သန်း) ရင်းနှီးမြုပ်နှံခဲ့ကြောင်း Real Capital Analytics က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့က ထိုနှစ်များအတွင်း ပြီးစီးခဲ့သော အမေရိကန်ဒေါ်လာ ၁၀ သန်း (ပေါင် ၈ သန်း) နှင့်အထက် အရောင်းအဝယ်များကို အခြေခံ၍တွက်ချက်ခဲ့ခြင်း ဖြစ်သည်။
မလေးရှားအစိုးရ၏ လူနေအိမ်ဈေးကွက်တွင် ငှါးရမ်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် နိုင်ငံခြားသားအိမ်ဝယ်ယူခွင့်ဆိုင်ရာ ဥပဒေအား လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ဖြေလျှော့လာမှုက မလေးရှားအိမ်ခြံမြေအတွက် နိုင်ငံတကာမှဝယ်လက်များကို ပိုမိုဆွဲဆောင်လာနိုင်ခဲ့သည်။ အထူးသဖြင့် သြစတြေးလျနှင့် ဟောင်ကောင်ထက် ပိုမိုဈေးသက်သာပြီး အထိုက်အလျောက်အဆင်ပြေမည့် အိမ်ခြံမြေဈေးကွက်ကို
ရှာဖွေလာသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် မျက်စိကျစရာဈေးကွက်အဖြစ် ပေါ်ထွန်းလာခဲ့သည်။
ဥရောပနှင့် အမေရိကန်တွင်သာ အဓိကအားဖြင့် ရင်းနှီးမြုပ်နှံကြဆဲဖြစ်သော်ငြား များစွာပိုမိုတတ်နိုင်စရာဖြစ်လာသော မလေးရှားတွင်လည်း တရုတ်တို့ ပိုမိုရင်းနှီးမြှုပ်နှံလာကြခြင်းဖြစ်ကြောင်း Cushman & Wakefield ၏ သုတေသနဆိုင်ရာ စီမံခန့်ခွဲရေးဒါရိုက်တာ
စစ်ဂရစ်ဇိုင်ယယ်စီတာက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် တရုတ်၏ ပြည်ပအိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ (ပေါင် ၂၆ ဒသမ ၃ ဘီလျံ)
ထပ်မံမြင့်တက်ခဲ့ပြန်သည်။
ယမန်နှစ်တွင် အမေရိကန်က အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလျံ (ပေါင် ၁၁ ဒသမ ၄ ဘီလျံ) ရင်းနှီးမြှုပ်နှံခံခဲ့ရပြီး တရုတ်တို့၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအတွက် ရေပန်းအစားဆုံးဈေးကွက်
နေရာဖြစ်ခဲ့သည်။ ဟောင်ကောင်က ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံခံခဲ့ရပြီး မလေးရှားက တတိယ၊ သြစတြေးလျက စတုတ္ထနှင့် ဗြိတိန်က ပဉ္စမဖြစ်ခဲ့သည်။
သို့သော်လည်း တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်တွင် စိတ်ဝင်စားမှုစတင်လျော့နည်းလာကြပြီဖြစ်ကြောင်း များပြားလှသော လက္ခဏာများက ညွှန်ပြနေသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com