ဒူဘိုင်းရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနတွင် လာမည့် မတ်လ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ၂၀၁၇ ဒူဘိုင်းသစ်လုပ်ငန်းပြပွဲတွင် ဂျာမနီနိုင်ငံမှ ကုမ္ပဏီပေါင်း ၃၀ ကျော်ဝင်ရောက်ပြသရန် စီစဉ်ထားကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
“၂၀၁၇ ဒူဘိုင်းသစ်လုပ်ငန်းပြပွဲဟာ ဒီလုပ်ငန်းနယ်ပယ်အတွင်းက ထုတ်ကုန်သစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ နည်းပညာတွေကို ထုတ်ဖော်ပြသနိုင်ဖို့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ သစ်လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး အကျိုးရှိစေမယ့် လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတွေ၊ ဆက်သွယ်မှုကွန်ရက်တွေ တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ် ” ဟု ဒူဘိုင်းသစ်လုပ်ငန်းပြပွဲကို စီစဉ်သူ Strategic Marketing & Exhibitions မှ ဥက္ကဌ ဒါဝုဒ် အယ်လ် ရှီဇာဝီက ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသည် ဥရောပသစ်ချောထည်များအတွက် ပင်မဈေးကွက်ဖြစ်ခဲ့သည်မှာ ၂၀၀၀ ပြည့်လွန် အလယ်ပိုင်းကာလများကတည်းက ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးသစ်ချောထည်ကုန်သွယ်မှု၏ ၁၀ ရာခိုင်နှုန်းကျော်မှာ အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အကြား အရှေ့အလယ်ပိုင်းသို့ သစ်ချောထည် တင်ပို့မှု စုစုပေါင်းပမာဏ ၂၆ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း သစ်ချောထည်တင်ပို့မှု ကုဗမီတာ ၁၁ သန်းအထိ ရှိခဲ့သည်။
ဂျာမာန်သစ်လုပ်ငန်းအဖွဲ့ချုပ် (HDH) ၏ အစီရင်ခံစာတစ်ရပ်အရ ၂၀၁၆ ခုနှစ်အတွင်း ဂျာမာန်သစ်လုပ်ငန်း အရောင်းပမာဏ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယူရို ၃၅ ဘီလီယံဖိုးအထိ ရောင်းချခဲ့ရသည်။
လက်ရှိအားဖြင့် ဂျာမာန်သစ်လုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၉၃၉ ခု လည်ပတ်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၁၄၉၈၇၂ ဦး ရှိသည်။
အရှေ့အလယ်ပိုင်းတွင် ခြေချရန် ရည်ရွယ်သည့်နိုင်ငံတကာသစ်ကုမ္ပဏီများ ပထမဆုံးသွားရောက်ရသည့်နေရာမှာ ဒူဘိုင်းသစ်လုပ်ငန်းပြပွဲပင် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)