ကမ္ဘောဒီးယားနိုင်ငံ၊ ပရီယာ ဗီဟာပြည်နယ်ရှိ ကျေးရွာ ၂ ခုတွင် ရွာသားပေါင်း ၃၀၀ ခန့်သည် ရိုးရာနတ်ပွဲများကျင်းပကာ တရုတ်ပိုင် ရွီဖန်သကြားကုမ္ပဏီနှင့် မြေယာအငြင်းပွားမှု အဆုံးသတ်စေရန် နတ်များထံတွင် တောင်းပန်အသနားခံလျက်ရှိကြကြောင်း ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။
ကမ္ဘောဒီးယားအစိုးရက ရွီဖန်ကုမ္ပဏီကို ပရီယာဗီဟာပြည်နယ်အတွင်း
တွင် ကြံစိုက်ပျိုးရန်အတွက် ဟက်တာပေါင်း ၄၀၀၀၀ ခွင့်ပြုချက်ပေးခဲ့ရာ ရွီဖန်ကုမ္ပဏီက မြေယာရှင်းလင်းမှုများ လုပ်ဆောင်ရာ ဒေသခံရွာသားတို့က ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ဖြစ်ကြောင်း ပြောကြားကာ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ချေဆန်နှင့် တဘန် မီးန်ချေခရိုင်တို့ရှိ ကွေးလူမျိုးရွာသားတို့သည်
နိတအမည်ရှိ နတ်များကို ပူဇော်ကာ မြေယာအငြင်းပွားမှုကို ကူညီမှိုင်းမ
ပါရန် အသနားခံခဲ့ကြသည့်အပြင် ကျိန်စာတိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ နတ်ပွဲကျင်းပရန်အတွက် နွားခေါင်းတစ်ခု၊ ဝက်ခေါင်း ၂ ခုနှင့် သစ်သီးများ ဝယ်ယူခဲ့ရပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅ ဒေါ်လာခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။
နတ်ပွဲကျင်းပရာတွင် ရွာသားတစ်ဦးကို နတ်ဝင်ပူးခဲ့သည်ဟု ဆိုသည်။
“နတ်မင်းတွေက ကျွန်တော်တို့ကို ပြောပါတယ်။ ရွာသားတွေအနေနဲ့ မြေယာပြန်ရဖို့တောင်းဆိုတဲ့နေရာမှာ စည်းစည်းလုံးလုံး လက်မတွဲဘူးဆိုရင် သူတို့လည်း မကူညီနိုင်ဘူးလို့ပြောပါတယ်” ဟု
အသက် ၂၉ နှစ်အရွယ် ရွာသူတစ်ဦးဖြစ်သူ ဆောင်ခွန်လောင်က ပြောကြားသည်။
ဆောင်ခွန်လောင်ပိုင်ဆိုင်သော မြေ ၁၀ ဟက်တာမှာလည်း သိမ်းဆည်းခံရမှုတွင် ပါဝင်ခဲ့သည်။
အဆိုပါ နတ်ပူဇော်ပွဲကို ရဲတပ်ဖွဲ့ဝင်များ စောင့်ကြည့်ခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း၊ နတ်ပွဲရပ်ဆိုင်းစေခြင်းများ မပြုလုပ်ခဲ့ဟု ဆိုသည်။
လွန်ခဲ့သောလအတွင်း ခရိုင် ၃ ခုမှ ကျေးရွာသားများသည်
ရွီဖန်ကုမ္ပဏီကို ကန့်ကွက်သည့်အနေဖြင့် ယာမြေများပေါ်တွင်
စခန်းချခြင်း ၊ မြေယာရှင်းလင်းနေသည့် စက်ယန္တရားများကို ရပ်တန့်စေရန် ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
တဘန်မီးန်ချေးခရိုက် အုပ်ချုပ်ရေးမှူး အွန်ဗူသိုင်က ပြောကြားရာတွင် ရွာသားများအနေဖြင့် နတ်ပူဇော်ပွဲများ လွတ်လပ်စွာ ပြုလုပ်ခွင့် ရှိကြောင်း၊ ကြံစိုက်ခင်းစီမံကိန်းကြောင့် အမှန်တကယ်ထိခိုက်နစ်နာခဲ့သူများကို ကုမ္ပဏီမှ ဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ရွီဖန်ကုမ္ပဏီမှ စီမံဌာနမန်နေဂျာ ကွိုင်ယိုအန်ကမူ မြေယာသိမ်းဆည်းသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ရွာသားတို့၏ ကျိန်စာတိုက်ပွဲကြောင့် ကုမ္ပဏီတွင် အနှောင့်အယှက်တစ်စုံတစ်ရာမဖြစ်ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)