ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် အတိုးနှုန်း မြင့်မားနေသော
မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းကို လတ်တလောတွင် လျှော့ချရန် မည်သို့မျှ မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို အသုံးပြုနေသူဦးရေမှာ
တစ်နိုင်ငံလုံး လူဦးရေနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသည့်အပြင် ဘဏ်လုပ်ငန်းမှ ငွေချေးယူသူမှာလည်း ဘဏ်လုပ်ငန်း အသုံးပြုနေသူ ဦးရေထက်ပင် နည်းပါးနေချိန်တွင် ဘဏ်အတိုးနှုန်း
လျှော့ချရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ ဘဏ်အတိုးနှုန်းမှာ တခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြင့်မားသည်ဆိုသော်လည်း
ငွေဖောင်းပွမှုနှုန်းမှာလည်း မြင့်မားသည့်အတွက် ယခုနှစ်ပိုင်းအတွင်း ဘဏ်အတိုးနှုန်း လျှော့ချရန်မှာ မလွယ်ကူနိုင်ကြောင်း ဗဟိုဘဏ်နှင့်
ဆက်စပ် လုပ်ကိုင်နေသော နိုင်ငံတကာ အဖွဲ့အစည်းမှ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
ဘဏ်ချေးငွေအပေါ်တွင် သတ်မှတ်ထားသော အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ထပ်မံ လျှော့ချရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသောပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးကျော်ဝင်းက ပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုနှုန်းအရ ဘဏ်အတိုးနှုန်း လျှော့ချရန် မဖြစ်နိုင်သေးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။
“ငွေဖောင်းပွမှုနှုန်းနဲ့ အတိုးနှုန်းက ဘယ်လိုရှိသလဲဆိုတာကို ချိန်ကြည့်ရမှာပါ။ တခြားနိုင်ငံတွေမှာလည်း ငွေဖောင်းပွမှုနှုန်းနဲ့ အတိုးနှုန်းက အားလုံး ဆက်စပ်မှုရှိနေတယ်။ ငွေဖောင်းပွမှုနှုန်းကို မကြည့်ဘဲနဲ့ ကျွန်တော်တို့ကတော့ အတိုးနှုန်းကိုတက်ချင်တိုင်းတက်ဖို့၊ လျှော့ချချင်တိုင်း လျှော့ချဖို့တော့ ဖြစ်နိုင်မယ် မထင်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းကျော်တွင်ရှိပြီး လာမည့် ဘဏ္ဍာနှစ်အတွက် ငွေကြေး ဖောင်းပွမှုနှုန်းကို ၇ ဒသမ ၉ရာခိုင်နှုန်းရှိနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။
လက်ရှိ ဗဟိုဘဏ် အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး စုငွေအပေါ်တွင် အတိုးနှုန်း အနိမ့်ဆုံး ၈ ရာခိုင်နှုန်းရှိရန်နှင့် ချေးငွေအပေါ်တွင် အတိုးနှုန်း အမြင့်ဆုံး ၁၃ ရာခိုင်နှုန်းရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။
Credit: The Voice