တရုတ်နိုင်ငံ၏ နာမည်ကျော်ဘဏ် Citic သည် ဘဏ်ချေးငွေ ပြန်လည်မပေးသွင်းသည့် တရုတ်အိမ်ခြံမြေဝယ်လက်တစ်ဦးကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားရှိ တရားရုံးတွင် တရားစွဲဆိုထားခဲ့ရာ၌ Citic ဘဏ်သို့ ယွမ်ငွေ သန်း ၅၀ (ကန်ဒေါ်လာ ၇ ဒသမ ၃ သန်း) ပြန်လည်ပေးသွင်းစေရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုအမှုမှာ ဖြစ်တောင့်ဖြစ်ခဲအမှုတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသော တရုတ်တို့၏ဘဏ္ဍာငွေများကို ခြေရာခံနိုင်ရန် ကနဦးခြေလှမ်းဖြစ်ဖွယ်ရှိလာကြောင်း Citic ဘဏ်ဘက်မှ အမှုရင်ဆိုင်ရာတွင် ပါဝင်ခဲ့သော ငွေကြေးခဝါချမှုများဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
သို့ရာတွင် တရားပြိုင် ယန်ရှီဘောက်အနေဖြင့် တရားရုံး၏ဆုံးဖြတ်ချက်အတိုင်း ပေးလျှော်ရစေကာမူ ဗန်ကူးဗားရှိ အဆိုပါအိမ်ခြံမြေနှင့် ပတ်သက်၍ အမြတ်အစွန်းရှိနေဆဲပင်ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဗန်ကူးဗား၏ အိမ်ခြံမြေဈေးနှုန်းများအလွန်မြင့်တက်လာခြင်းကြောင့် ၎င်းဝယ်ယူထားခဲ့စဉ်ကထက် အဆပေါင်းများစွာ ဈေးနှုန်းမြင့်တက်လျက်ရှိနေခြင်းကြောင့် ဖြစ်သည်။
ယန်သည် ရှီကျားချွမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း Citic ဘဏ်မှ ယွမ်ငွေ သန်း ၅၀ ချေးယူပြီးနောက် မိသားစုနှင့်အတူ ကနေဒါသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို ကနေဒါအမျိုးသမီးတရားသူကြီး ရှယ်လီ ဖစ်ဇ်ပက်ထရစ်က အမိန့်ချခဲ့ခြင်းဖြစ်ပြီးယန်ရှီဘောက်အနေဖြင့် ချေးငွေအားလုံးကိုပြန်လည်ပေးဆပ်ရန်နှင့် အတိုးအဖြစ် ယွမ်ငွေ ၂ ဒသမ ၁၇ သန်းကိုလည်း ပေးဆပ်ရန် အမိန့်ချမှတ်ခဲ့သည်။
ယန်ရှီဘောက်သည် ဗန်ကူးဗားမြို့နှင့်ထိစပ်လျက်ရှိသော ဆာရေးမြို့တွင် ဇနီး၏အမည်ဖြင့် ကနေဒါဒေါ်လာ ၃ ဒသမ ၁၈ သန်းတန် နေအိမ်တစ်လုံးကို ဝယ်ယူခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
Citic ဘဏ်က ယန်ရှီဘောက်ကို တရားစွဲဆိုပြီးနောက် လအနည်းငယ်အကြာတွင် ယင်းနေအိမ်ကို ကနေဒါဒေါ်လာ ၄ သန်းဖြင့် ပြန်လည်ရောင်းထုတ်သွားရာ ၂၅ ရာခိုင်နှုန်း မြတ်စွန်းခဲ့သည်ဟု ဆိုသည်။
“တရုတ်နိုင်ငံသားတွေဟာ အကြွေးတွေမဆပ်ဘဲ ပြည်ပကို ထွက်ပြေးသွားတဲ့အမှုတွေ အများကြီးရှိလာပါတယ်။ ဒီလိုအကြွေးတွေ ပြန်ရဖို့ ခြေရာခံစုံစမ်းကြတော့မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုငွေကြေးတွေ အများဆုံးရောက်လာတဲ့နေရာက ကနေဒါပဲ ဖြစ်ပါတယ်” ဟု Citic ဘဏ်ဘက်မှ အမှုရင်ဆိုင်ရာတွင် ပါဝင်ခဲ့သော ငွေကြေးခဝါချမှုများဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်၊ ရှေ့နေတစ်ဦးဖြစ်သူ ခရစ္စတင်း ဂျူးဟိမ်းက ပြောကြားသည်။
ဗန်ကူးဗားသည်တရုတ်သန်းကြွယ်သူဌေးများ ရွှေ့ပြောင်းအခြေချသည့်ဒေသများအနက် ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံးမြို့တစ်မြို့ဖြစ်လာရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)