ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အမျိုးသားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း၏ ပထမဆုံးခြေလှမ်းအဖြစ်
၇၀၀ မဂ္ဂါဝပ်ရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ ဆောက်လုပ်ရန်
အတွက် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း ဆောက်လုပ်ရေးကုမ္ပဏီများ
အနေဖြင့် အရည်အသွေးစစ် ယှဉ်ပြိုင်မှုများပြုလုပ်ကြရန်
ဖိတ်ခေါ်ထားကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
၇၀၀ မဂ္ဂါဝပ်စီမံကိန်း၏ ပထမဆင့်တွင် ဆော်ဒီမြောက်ပိုင်း အယ်လ်ဂျော့ဖ်ပြည်နယ်၊ ဆာကာကာတွင် ၃၀၀ မဂ္ဂါဝပ်နေစွမ်းအင် ထုတ်လုပ်ရေးနှင့် နိုင်ငံအနောက်မြောက်ပိုင်း တာဘောက်ပြည်နယ်၊ မစ်ဒ်ယန်၌ ၄၀၀ မဂ္ဂါဝပ် လေစွမ်းအင်ထုတ်လုပ်ရေးစက်ရုံတို့ တည်ဆောက်ရန် ဖြစ်သည်။
အရည်အချင်းစစ် ဇကာတင်ရွေးချယ်မှုအတွက် စာရင်းပေးရန် မတ်လ ၂၀ ရက်နောက်ဆုံးသတ်မှတ်ထားကြောင်း ဆော်ဒီအာရေးဗီးယား စွမ်းအင်၊ စက်မှုနှင့် သဘာဝသယံဇာတဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရွေးချယ်ခံရသော ကုမ္ပဏီများစာရင်းကို လာမည့် ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်ကုမ္ပဏီများ အနေဖြင့် ဧပြီလ ၁၇ ရက်မှ ဇူလိုင်လအတွင်း အဆိုပြုလွှာများ တင်သွင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ဆော်ဒီအာရေးဗီးယားသည် စွမ်းအင်လိုအပ်ချက်မြင့်တက်လာမှုကို ဖြေရှင်းရာတွင် လောင်စာဆီအသုံးပြုမှုလျှော့ချကာ နေစွမ်းအင်နှင့် လေစွမ်းအင်တို့အပေါ်အခြေခံ၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ အသုံးပြုသွားရန် ရည်မှန်းထားသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ၂၀၂၀ ပြည့်နှစ်တွင် ၃ ဒသမ ၄၅ ဂီဂါဝပ်နှင့် ၂၀၂၃ ခုနှစ်သို့အရောက်တွင် ၉ ဒသမ ၅ ဂီဂါဝပ် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)