မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်းအနီးက စည်ပင်သာယာရေးကော်မတီ ပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ အငှားအိမ်ရာတွေအတွက် အိမ်လ ခပေးသွင်းမှု ပျက်ကွက်တဲ့အခါ ပေးဆောင်ရတဲ့ ရက်လွန်ဒဏ်ကြေးတွေကို ယခင်သတ်မှတ်နှုန်းထားထက် လေးပုံတစ်ပုံအထိ လျှော့ချဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ် ။
အိမ်လခ ပေးသွင်းရက်ကို လဆန်း ၁ ရက်နေ့သတ်မှတ်ထားပြီး သတ် မှတ်နေရာကို လာရောက်ပေးဆောင်ရပါတယ် ။ ပေးသွင်းရမယ့်ရက် ပျက်ကွက်ခဲ့မယ်ဆိုရင် ဒဏ်ကြေးအဖြစ် တစ်ရက် ကျပ်၂၀၀၀ ပေးဆောင်ခဲ့ ရတာဖြစ်ပြီး အခုအခါမှာတော့ တစ်ရက်ကို ကျပ် ၅၀၀ သာ ကောက်ခံဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ် ။
‘မတရားဘူးထင်လို့ လျှော့ချပေးဖို့ကို ကော်မတီက ဆုံးဖြတ်လိုက်တာ’ လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၊ စာရေးဆရာ ဦးကျော် ရင်မြင့်က ပြောပါတယ် ။
အငှားအိမ်ရာငှားရမ်းမှု ရက်လွန်ဒဏ်ကြေးပေးဆောင်မှုတွေ ကို လျှော့ ချပေးခဲ့သလို အထပ်နေရာ အမျိုးအစားပေါ်မူတည် ကာ ဈေးနှုန်း သတ် မှတ်ပေးသွားဖို့လည်းရှိတယ်လို့ ဆိုပါတယ် ။
ငှားရမ်းနေထိုင်ခွင့်ရရှိထားတဲ့ အခန်းပေါင်း ၁၅၈၄ ခန်းရှိပြီး အိမ်ငှားရမ်းခ အနေနဲ့ တစ်လ ကျပ် ၃၀,၀၀၀ သတ်မှတ်ထားပါတယ် ။ ပေးသွင်းမှု ပျက် ကွက် ရက်ပေါင်း သုံးလထက်ကျော်လွန်ပြီး ဒဏ်ကြေးအပြည့် အ ဝ ပေးဆောင်မှု မရှိဘူးဆိုရင် အခန်းပြန်လည် သိမ်းယူမှာ ဖြစ်ပါတယ် ။
အဲသည်အငှားအိမ်ရာတွေကို ပြီးခဲ့တဲ့ နှစ် မတ်လကစတင် ငှားရမ်းခဲ့ တာဖြစ်ပြီး ဧရာဝတီမြစ်ကို မှီခိုကာ အလုပ်ကြမ်းလုပ်ကြရတဲ့လူတွေကို ငှားရမ်းထားတဲ့ အိမ်ရာတစ်ခုလည်း ဖြစ်ပါတယ် ။
‘ဒဏ်ကြေးတွေလျှော့်ပေးမယ်ဆိုရင် ကောင်းတာပေါ့ ၊ တစ်နေ့လုပ် တစ်နေ့ စားတွေဆိုတော့ တစ်ခါတလေ အလုပ်က အဆင်မပြေရင် မသွင်းနိုင်တော့ ဒဏ်ကြေးဆောင်ရတာ မနိုင်ဘူးဖြစ်လာလို့ လူကြီးတွေကို ပြောဖူးပါတယ် ၊ တကယ်သာလျှော့မယ်ဆို ကောင်းပါတယ်’ လို့ နှင်းဆီအိမ်ရာမှာ နေထိုင်သူ ဦးမြင့်လွင်က ပြောပါတယ် ။
Credit: The Kumudra