ရွှေထည် လက်ဝတ်ရတနာများ ရောင်းချငွေမှ တစ်ရာခိုင်နှုန်း အခွန်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အဆိုပြုချက် တင်သွင်းလိုက်ပြီဖြစ်သည်။
၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့က
လွှတ်တော်သို့ တင်သွင်းထားခြင်း ဖြစ်ပြီး ဥပဒေကြမ်း ပူးပေါင်း
ကော်မတီက အထက်ပါအတိုင်း ပြင်ဆင်လိုကြောင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။
အခွန်အကောက် မူလဥပဒေကြမ်းတွင် ရွှေထည် လက်ဝတ်ရတနာ ရောင်းရငွေအပေါ်တွင် ၃ ရာခိုင်နှုန်း ကောက်ခံရန်ပါရှိပြီး ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ၅ ရာခိုင်နှုန်း ကောက်ခံရန် တင်ပြခဲ့သည်။
သို့ရာတွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ၁ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ကောက်ခံမည့် တစ်ရာခိုင်နှုန်းသည် အထူး ကုန်စည်ခွန်ဖြစ်သောကြောင့် ထုတ်လုပ်ရောင်းချသည့်သူများထံမှသာ ကောက်ခံမည်ဖြစ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်
သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ကျောက်စိမ်း အရိုင်းထည်များကို ၁၅ ရာခိုင်နှုန်း ကောက်ခံရန်နှင့် ပတ္တမြား၊ နီလာ၊ မြ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံရန် မူလဥပဒေကြမ်းတွင်ပါရှိပြီး ပူးပေါင်းကော်မတီက ပတ္တမြား၊ နီလာ၊ စိန်၊ မြ အရိုင်းထည်များအပြင် အခြားအဖိုးတန် ကျောက်မျက် ရတနာ အရိုင်းထည်များကိုပါ ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ထပ်မံအဆိုပြု တင်သွင်းထားသည်။
ယင်းအပြင် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြ အချောထည်များအပြင် လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို ၅ ရာခိုင်နှုန်း ကောက်ခံရန် ပြင်ဆင် အဆိုပြုထားခြင်းဖြစ်သည်။
ယင်းကိစ္စကို ဖေဖော်ဝါရီ ၂၂ ရက် (နဝမမြောက်နေ့) နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
Credit: The Voice