အရှေ့အလယ်ပိုင်းတွင် ထိပ်တန်း developer ဖြစ်သော cayan group သည် ရုရှားမော်ဒယ် ဗီကီ အိုဒင့်ကိုဗာနှင့် သူမ၏ လက်ထောက်များကို
ဒူဘိုင်းရှိ Cayan တာဝါတွင် လုံခြုံရေးအစီအမံများ
ထားရှိခြင်းမရှိဘဲ တွဲလောင်းဆွဲကာ စတန့်ပြုလုပ်ခဲ့ခြင်းအတွက်
အပြင်းအထန်ရှုတ်ချလိုက်ပြီး တရားစွဲရန် စီစဉ်လျက်ရှိသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိုဒင့်ကိုဗာသည် အင်စတာဂရမ်လူမှုကွန်ရက်တွင် ဒူဘိုင်းရှိ
Cayan တာဝါ၌ စတန့်ပြုလုပ်နေပုံ ဓာတ်ပုံတင်ရန် ရည်ရွယ်ချက်မျှဖြင့်
ယင်းသို့ စွန့်စားခဲ့ခြင်း ဖြစ်သည်။
အိုဒင့်ကိုဗာနှင့် တစ်ဖွဲ့လုံးသည် လုံခြုံရေးစည်းမျဉ်းများ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည် ဖြစ်ကြောင်း Cayan Group က အသိပေးလိုက်ပြီဖြစ်သည်။
အဆိုပါစတန့်ပြုလုပ်မှုကို Cayan Group မှ အကြီးအကဲများ၏ အတည်ပြုချက် ၊ ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Cayan က ထုတ်ပြန်သည်။
“Cayan တာဝါမှာ အားကစားပြိုင်ပွဲတွေ မကြာခဏပြုလုပ်ခဲ့တာမျိုး ရှိပါတယ်။ ဒါပေမယ့် ကျင်းပတိုင်းမှာ လုံခြုံရေးအစီအစဉ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ကူညီရေးတွေ ထားရှိပြီးမှ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ပွဲလမ်းတိုင်းအတွက် အကူအညီပေးဖို့ အထူးကျွမ်းကျင်ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ပွဲလမ်းကျင်းပဖို့ အတည်ပြုချက်မပေးမီမှာ လုံခြုံရေးအစီအမံတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပါတယ်တယ်”ဟု ဈေးကွက်ရှာဖွေရေးနှင့် ပြည်သူ့ဆက်ဆံရေးဒါရိုက်တာ ဂီဇယ်ဒါဟာက ပြောကြားသည်။
“မစ္စ အိုဒင့်ကိုဗာရဲ့ တာဝန်မဲ့လုပ်ရပ်တွေကို ဘယ်နည်းနဲ့မှ ကျွန်တော်တို့ ခွင့်လွှတ်ပေးလို့မရပါဘူး။ လက်ရှိမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြန်ပြီးစိစစ်သုံးသပ်နေပါတယ်။ ဒီလိုဟာကွက် ဘယ်မှာဖြစ်ပျက်ခဲ့တယ်၊ အနာဂတ်မှာ ဒါမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သုံးသပ်နေပါတယ်” ဟု ဒါဟာက ဆက်လက်ပြောကြားသည်။
ယခုဖြစ်ရပ်အပေါ် တရားစွဲမှု ချက်ချင်းပြုလုပ်ခဲ့ပြီဖြစ်ပြီး
ပြစ်ဒဏ်မှာ ပါဝင်ခဲ့သူအားလုံးကို ချမှတ်လိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)