အီဂျစ်နိုင်ငံ၏ မြို့တော် ကိုင်ရိုတွင် အုပ်ချုပ်ရေးမြို့တော်အဖြစ် ရည်ရွယ်တည်ဆောက်မည့် Capital City မြို့တော်သစ်ကြီး၏ ပထမဆင့် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် ပြင်ဆင်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ကိုင်ရိုရှိ ဧက ၁၀၅၀၀ ကျယ်ဝန်းသော မြေနေရာပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဘဏ္ဍာရေးစင်တာ၊ ပြပွဲများကျင်းပသည့်မြို့တော်၊ လူနေအိမ်များ ပါဝင်မည်ဖြစ်သည်။
Capital City မြို့တော်သစ်ကြီး တည်ဆောက်ရေးစီမံကိန်းသည် အီဂျစ်စီးပွားရေး ဖွံ့ဖြိုးလာစေရန် ရည်မှန်းအကောင်အထည်ဖော်မည့် စီမံကိန်းကြီးများစွာအနက်မှ တစ်ခုဖြစ်ပြီး အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီ၏ရည်မှန်းချက်တစ်ခု ဖြစ်သည်။
ဆောက်လုပ်မည့်နေရာမှာ ကိုင်ရိုမြို့၏ အရှေ့ဘက်၊ ကိုင်ရိုနှင့် ပင်လယ်နီအကြားတွင် တည်ရှိပြီး ငါးနှစ်မှ ၇ နှစ်အထိ ကြာမြင့်မည်ဖြစ်ကာ ကန်ဒေါ်လာ ၄၅ ဘီလီယံကုန်ကျမည် ဖြစ်သည်။
အုပ်ချုပ်ရေးမြို့သစ်ကြီးတည်ဆောက်ရန်အတွက် အီဂျစ်အစိုးရက
အိမ်ခြံမြေ developer များနှင့် ရင်းနှီးမြှုပ်နှံသူများအား ထောက်ပံ့ကူညီမှုများစွာ ပြုလုပ်ပေးထားသည်။
ဧက ၁၅၀ အကျယ်အဝန်းမြေနေရာအတွက် တန်ဖိုးငွေ၏ ၂၀ ရာခိုင်နှုန်းသာ လက်ငင်းပေးချေစေခြင်းနှင့် ယင်းထက်ပိုမိုကျယ်ဝန်းပါက ၁၅ ရာခိုင်နှုန်းသာ လက်ငင်းပေးချေရမည်ဖြစ်သည်။
ဧက ၆၀ နှင့်အထက် မြေနေရာအတွက် developer တို့က အာမခံအဖြစ် အီဂျစ်ငွေ ၁၅ သန်း (ကန်ဒေါ်လာ ၉၇၄၃၄၉) နှင့် ဧက ၂၀၀ အထက်မြေနေရာများအတွက် အီဂျစ်ငွေ ၂၅ သန်း၊ ယင်းထက်ပိုမိုကျယ်ဝန်းသောမြေနေရာအတွက် အီဂျစ်ငွေ သန်း ၄၀ အာမခံအဖြစ် ပေးသွင်းရမည် ဖြစ်သည်။
စီမံကိန်းများကို လေလံဆွဲမည့်ကုမ္ပဏီများတွင် အစိုးရအရာရှိများ ပါဝင်ခွင့်မပြုဘဲ မြေနေရာအကျယ်အဝန်းအပေါ်မူတည်၍ ၃ နှစ်မှ ၅ နှစ်အတွင်း အပြီးသတ်ဆောက်လုပ်ရန် စည်းမျဉ်းသတ်မှတ်ထားသည်။
ပထမဆင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် လူနေအိမ်အချို့လည်း ပါဝင်သည်။
ကိုင်ရိုမြို့၏ လူဦးရေမှာ လက်ရှိအားဖြင့် ၁၈ သန်းရှိပြီး လာမည့် နှစ်ပေါင်း ၄၀ အကြာအတွင် နှစ်ဆအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)