ကန်ထရိုက်တာများ ဆက်လက် မဆောက်လုပ်ဘဲထားခဲ့သည့်
လူနေထိုင်ခွင့် မရှိသေးသော တိုက်ခန်းများအား ဝယ်ယူနေထိုင်မိပါက ဥပဒေအရဖယ်ရှားသည်အထိ အရေးယူခံရနိုင်ကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းနှင့် ဥပဒေပညာရှင်များထံမှ သိရသည်။
''တချို့တိုက်ခန်းတွေက နေထိုင်ခွင့်တွေ လျှောက်ထားဆဲလဲ ရှိတတ်တယ်။ လျှောက်ထားဆဲဆိုရင်လဲ စာရွက်စာတမ်းတွေ သေချာပြနိုင်မှ စိတ်ချရမှာဖြစ်ပါတယ်။ နေထိုင်ခွင့်မရှိသေးတဲ့တိုက်ခန်းတွေမှာ
နေထိုင်ခဲ့မိတယ်ဆိုရင် ဥပဒေအရ အရေးယူခံရနိုင်တယ်။ တချို့တွေက ဒဏ်ငွေဆောင်ပြီး နေထိုင်ကြတာရှိသလို လျှောက်လွှာတင်ပြီး
နေထိုင်တာတွေလဲရှိတတ်တယ်။ နေထိုင်ခွင့်မ ရှိဘဲနေမိတယ်ဆိုရင် ဖယ်ရှားတာအထိ ဥပဒေအရ အရေးယူခံရနိုင်မှာဖြစ်ပါတယ်''ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။ ထို့ကြောင့် စာရွက်စာတမ်းများရှိသော်လည်း လူနေထိုင်ခွင့် BCC မကျသေးသော ကန်ထရိုက်တိုက်ခန်း နေထိုင်သူများအနေ ဖြင့် တရားဝင်အဖြစ်ခိုင်မာမှုရှိရန် အချက်အလက်ပြည့်စုံမှုရှိရန်အရေးကြီးကြောင်း သိရသည်။
ကန်ထရိုက်များမှ ဆောက်လုပ်ရေးလုပ်ကိုင်ရင်း ငွေမလောက်ခြင်း၊ ရင်းနှီးငွေ ပြတ်သွား၍ ဆက်လက်မဆောက်လုပ်နိုင် ခြင်း၊ ပေါင်နှံထားခြင်းများ ရှိတတ်ပြီး ရေ၊ မီးပြည့်စုံမှုရှိမရှိကိုလည်း သေချာမေးမြန်း စစ်ဆေးထားရမည်ဖြစ်သည်။ ''တိုက်ခန်း စဝယ်တော့မယ်ဆိုရင် ကန်ထရိုက်က အချိုးကျရောင်းတဲ့ တိုက်ခန်းလား၊ မြေပိုင်ရှင်ရှိတဲ့ တိုက်ခန်းတွေလား ဆိုတာကို အရင်ဆုံးသိထားဖို့လိုတယ်။ ကန်ထရိုက်ခန်းဆိုရင်တော့ နည်းနည်းသတိထားရမယ်၊
ငွေအရင်းနှီးမလောက်တာတို့ ဘာတို့ဆိုရင်ထားသွားရင် ဒုက္ခရောက်မှာ။ အဓိကကတော့ နေထိုင်ခွင့်စာရွက်စာတမ်း ရှိမရှိကိုလဲ ကြိုပြီးသိထားသင့်တယ်''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်ကဆိုသည်။ တိုက်ခန်းဝယ်သူများအနေဖြင့် လူနေခွင့်လျှောက်ထားခြင်းရှိ၊ မရှိကိုမြို့တော်စည်ပင်သာယာကော်မတီ ယာ/အုံဌာနတွင်ဝယ်ယူထားသည့်စာချုပ်ပြ၍ စုံစမ်းနိုင်ကြောင်း သိရသည်။
Credit: The Yangon Times