ရွှေ့ပြောင်းလူဦးရေ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည့် မန္တလေးမြို့တော်တွင် တရားမဝင် နေထိုင်သည့် ကျူးကျော်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဖယ်ရှား ရှင်းလင်းမှု တစ်ဖန် ပြန်လည် ပြုလုပ်လာပြီ ဖြစ်သည်။
အစိုးရသစ်လက်ထက်၊ စည်ပင် ကော်မတီဝင်အသစ်များ လက်ထက်တွင် ပထမဆုံး ပြုလုပ်ခြင်းလည်းဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်မှစ၍ ၂၉ ရက်အထိ ငါးရက်တာအတွင်း မန္တလေး ခြောက်မြို့နယ် ကမ်းနားလမ်းတစ်လျှောက် လမ်းနယ်နိမိတ် ကျူးနေသည့် နေအိမ်များ၊ ဈေးဆိုင်များကို ဖယ်ရှား ရှင်းလင်းခဲ့သည်။
နေအိမ်၊ ဝါးထရံနှင့် မျောတိုင်ဆိုင်၊ လက်ဖက်ရည်ဆိုင်စသည့် လူနေအိမ်အပြင် စီးပွားရေးလုပ်ငန်း ပြုလုပ်သည့် ဈေးဆိုင် စုစုပေါင်း အဆောက်အအုံ ၈၁၆ လုံးကို ဖယ်ရှား ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကျူးရှင်းလင်းရေး အဖွဲ့ထံမှ သိရှိရသည်။
“ဆိပ်ကမ်း သာယာလှပရေးအတွက် ရှင်းလင်းတာပါ။ အများသူငါ သွားလာ တဲ့ လမ်းမှာ မြင်မကောင်းတာတွေ၊ ပိတ်ဆို့နေတဲ့ ဆိုင်တွေကို ရှင်းတာ”ဟု မန္တလေးမြို့တော် ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ရှင်းလင်းသည့် ရည်ရွယ် ချက်ကို ပြောဆိုသည်။
နေစရာမရှိသဖြင့် တဲထိုးကာ နေသူများမှာ ကျောတစ်ခင်းစာ နေ ရာလောက်ကိုသာ တဲထိုး၍နေထိုင်ကြပြီး နေရာများစွာ မယူကြကြောင်း၊ သို့သော် စီးပွားရေး လုပ်နေသူများလည်း ကမ်းနားလမ်းတွင် ရှိနေကြောင်း ၎င်းကပြောသည်။
“သစ်ဆိုင်၊ ဝါးဆိုင်၊ မျောတိုင်နဲ့ အအေးဆိုင်တွေ အများဆုံး ဖြစ်တယ်။ အအေးဆိုင်တွေက အအေးချည်းရောင်းရင် သိပ်ပြဿနာ မရှိဘူး။ ဒါပေမဲ့ အလုံပိတ်ခန်းလို ပုံစံတွေကတော့ မဖြစ်သင့်ဘူး”ဟု ကမ်းနားလမ်းတွင် ရှင်းလင်းခဲ့သည့် အဆောက်အအုံများနှင့် စပ်လျဉ်း၍ ဦးရဲမွန်က ရှင်းပြသည်။
အစိုးရ အဆက်ဆက် ရှိနေခဲ့ပြီး ရှင်းလင်းရန် မစွမ်းနိုင်သေးသည့် ကျူးပြဿနာကို လက်ရှိအစိုးရက ရှင်းလင်းနိုင်မည်လော။
ရှမ်းကလေးကျွန်း ကျေးရွာအနီး ကမ်းနားလမ်းဘေးတွင် အအေးဆိုင် ဖွင့်လှစ်ထားသည့် ဦးစိုးကတော့ ၎င်း၏ ဆိုင်လေးမှာ သက်တမ်း သုံးနှစ် ခန့်ရှိပြီဖြစ်ပြီး ထိုကာလအတွင်း တာဝန်ရှိသူများက လာရောက် ရှင်းလင်း လိုက်၊ ဒဏ်ကြေးဆောင်၍ ပြန်ဖွင့်လိုက်ဖြင့် သံသရာလည် နေခဲ့သည်ဟု ဆိုသည်။
“ဈေးမရောင်းရဘူးလို့ ပြောတယ်။ လာဖမ်းတယ်။ ဒဏ်ကြေးဆောင် ပြီး ပြန်ရောင်းတယ်။ ဒီလိုပဲနေလာခဲ့တာ။ အခုတော့ ဘယ်လိုဆိုတာ မသိ ရသေးဘူး။ လောလောဆယ်တော့ ဒဏ်ကြေးတွေ မဆောင်ရသေးဘူး”ဟု ဦးစိုးက ပြောပြသည်။
ထို့အတူ ဧရာထွန်းတိုက်တန်းအနီး ကမ်းနားလမ်းတွင် ဝါးထရံဆိုင် ဖွင့်လှစ် ထားသူတစ်ဦးကလည်း လတ်တလော အခြေအနေ ကို စောင့်ကြည့်နေေ ကြာင်း ပြောသည်။
“ကျွန်မတို့က ဒီမှာ အလကား ဖွင့်တာလည်း မဟုတ်ဘူး။ စည်ပင်ကို ပိုက် ဆံပေးပြီး ဖွင့်ထားတာ။ ဆိုင်နှစ်နေရာစာအတွက် လေလံစည်ပင်ဆိုတာက တစ်လကို တစ်သောင်း ခုနစ်ထောင်၊ အခု ကျူးစည်ပင်ဆိုပြီး တစ်လကို တစ်သောင်းခွဲ ပေးထားရတယ်။ ဈေးကောက်လည်း ပေးရတယ်။ အခု ဒါတွေကို ဖျက်ဖျက်ဖျက်ဆိုတော့ ဆိုင်က ပစ္စည်းပစ္စယတွေနဲ့ ဘယ်လိုမှ ချက်ချင်း လုပ်လို့မရဘူး။ ဒါပေမဲ့ အိမ်တွေကိုတော့ သူတို့ပြောတဲ့ အတိုင်း နောက်ကို ရွှေ့ပေးထားတယ်”ဟု မြင်းခြံဘက်မှ လာရောက်၍ ဝါးထရံ၊ မျောတိုင်ဆိုင် ဖွင့်လှစ်ထားသူက ပြောပြသည်။
“မျောတိုင်တို့ဆိုတာက လေးဘက် လေးတန်စင်နဲ့ သေချာပြမှ ဝယ်တဲ့သူက ကြိုက်တာ၊ အခုလို မြေပေါ်မှာ ဖြစ်သလို စုပုံထားတာကျတော့ ဘယ်သူမှ စိတ်မဝင်စားတော့ဘူး”ဟု အနီးရှိ မြေပေါ်မှ မျောတိုင်ချောင်းများကို လက် ညှိုး ညွှန်ပြရင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်အိမ် အလုံးရေ ရှစ်ရာကျော်ကို ဖယ် ရှားရခြင်းသည် လုပ်ငန်းကြီးများနှင့် စီးပွားရေး လုပ်နေသူများ များပြားလာ သဖြင့် ဖယ်ရှားရခြင်းဖြစ်ပြီး နေစရာမရှိသဖြင့် နေထိုင်နေကြရသူများ အတွက် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းသည့် တာဘောင် အောက်ဘက် တွင် နေထိုင်ခွင့်ပေးထားကြောင်း ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ဆိုသည်။
“အိမ်ခေါင်မိုးတွေတောင် တာဘောင်တော့ မကျော်ရဘူး။ နေချင်နေလို့ ရတယ်လို့ ပြောပေမယ့် အောက်ဘက်မှာက စိုက်ခင်းတွေရှိတယ်။ အခု အဲဒီစိုက်ခင်းပိုင်ရှင်တွေကို တောင်းတောင်းပန်ပန် ပြောဆိုပြီး နေနေရတယ်”ဟု ဝါးထရံဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေးမြို့သို့ သင်္ဘောဖြင့် ရောက် ရှိလာမည့် နော်ဝေဘုရင်နှင့် မိဖုရားတို့ကို ကြိုဆိုရန်အတွက် ဂေါဝိန်သင်္ဘော ဆိပ်ကမ်းရှိ ကျူးကျော်တဲငယ်ပေါင်း ၂၀ဝ ကျော်ကို ဖယ်ရှား ရှင်းလင်းခဲ့ ပြီးနောက် မိသားစု ရာနှင့်ချီ၍ အခက်အခဲဖြစ်ခဲ့ရသည်။ ထိုဖြစ်ရပ် အပြီး လေးလခန့်အကြာတွင် ကျူးကျော်များအတွက် အငှားအိမ်ရာ စီမံကိန်း ကို ကမ်းနားလမ်းတွင် စည်ပင်က အကောင်အထည် ဖော်ခဲ့သည်။
ထိုအငှားအိမ်ရာ စီမံကိန်းတွင် တိုက်အလုံးပေါင်း ၂၂ လုံး၊ တစ်တိုက်လျှင် ၁၂ ခန်းတွဲ ခြောက်ထပ် (၇၂ ခန်း) ဖြင့် တိုက်ခန်းစုစုပေါင်း ၁၅၈၄ ခန်း ရှိသည်။ လျှောက်ထားသူ နှစ်ထောင်ကျော်ရှိခဲ့ပြီး ယင်းအထဲတွင် ကျူးကျော် များ သာမက ငွေကြေးဥစ္စာ ပြည့်စုံသူအချို့ပါ လာရောက် လျှောက်ထားမှုများ ရှိခဲ့သည်ဟု ကျူးကျော်တို့က ဆိုသည်။
ထိုသို့ ကျူးကျော်များ ပပျောက်ရန်အတွက် အငှားအိမ်ရာများ ကို ဆောက် လုပ်ပေးပြီး ပြောင်းရွှေ့ပြီးလျှင် ရှင်းလင်းမည်ဟု ဆိုသော်လည်း တိုက်
ခန်းများသို့ ရွှေ့ပြောင်းသူများ နေရာတွင် အသစ်အသစ်သော ကျူးကျော် တို့က ထပ်မံ ရောက်ရှိနေသည်မှာ ယနေ့အထိဖြစ်သည်။
အချို့မှာလည်း တိုက်ခန်း မဲမပေါက်သဖြင့် ဆက်လက် နေထိုင်နေ ကြခြင်းဖြစ်သလို အချို့ကလည်း မျှော်လင့်ချက်တို့ဖြင့် ရောက်လာကြသည် လည်း ရှိကြောင်း ၎င်းတို့က ဆိုသည်။ ဆိုရလျှင် ယခင်အစိုးရ လုပ်ဆောင်ခဲ့သည့် ကျူးကျော် ရှင်းလင်းရေး စီမံချက်က မအောင်မြင်ဟု ဆိုရမည်။
“အရင်တုန်းကတော့ သားလေးက သူများတွေလို တိုက်ခန်း မှာ နေချင်တယ် လို့ ပြောပြောနေတယ်။ အခုကျတော့ မနေချင်တော့ဘူး၊ မန္တလေးမှာ ပဲ နေမယ်လို့ ပြောတယ်။ မဟုတ်ဘူး သားလေး၊ ဒါကလည်း မန္တလေးပဲလေ ဆိုတာကို မရဘူး။ ကလေးက အရင်နေတဲ့နေရာမှာ ပြန်နေချင်တာ။ တိုက်ခန်းမှာက အလုပ်လည်း မရှိ၊ စားစရာလည်း မရှိ”ဟု ဆိပ်ကမ်းတွင် သဲအတင်အချ အလုပ်ကြမ်း ပြုလုပ်ပြီး လက်ရှိတွင် အငှားအိမ်ရာ တိုက်ခန်း ရရှိထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အလုပ်နေရာနှင့် ဝေးသဖြင့် သွားလာရ မလွယ်ကူခြင်းအပြင် တိုက်ခန်းခ တစ်လသုံးသောင်းကျပ်ကို ပေးဆောင်ရန် တစ်ရက်နောက်ကျလျှင် ကျပ်နှစ်ထောင်နှုန်း ဒဏ်ကြေး ပေးဆောင်ရသဖြင့် ယခင်ကထက် ပို၍ဆိုးသည့်အခြေအနေကို ရောက်နေကြောင်း ၎င်းကဆိုသည်။
“ဒဏ်ကြေးအပြင် ရေဖိုး၊ လျှပ်စစ်မီးဖိုးတွေ ရှိတယ်။ နောက်ပြီး ရေပိုက်ပျက် လို့ ပြင်ဖို့၊ ရေတင်ခ စသည်ဖြင့် အမျိုးမျိုး ကောက်တယ်။ ကျွန်မတို့က တစ်လကို သုံးသောင်းဆိုရင် မဖြစ်ဖြစ်အောင် ပေးလို့ရပါတယ်။ အခု ကျတော့ တစ်လကို ခုနစ်သောင်း ရှစ်သောင်းလောက် ဖြစ်နေရင်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ အခု အခြေအနေက တိုက်ခန်းမှာနေပြီး ဘုန်းကြီးကျောင်းက ထမင်းတောင်းစားနေရတယ်”ဟု ၎င်းအလုပ်လုပ်ကိုင် ရာ ကမ်းနားလမ်းရှိ ဘုန်းတော်ကြီးကျောင်းကို ပြသရင်း ရင်ဖွင့် ပြောဆို သည်။
မိမိအနေနှင့် ယခင်က တိုက်ခန်းရရှိခဲ့သူများကို အားကျခဲ့ရသော်လည်း ယခု အခြေအနေမှာ တိုက်ခန်း မရရှိသည်က ပို၍ ကံကောင်းသည့် အနေအ ထား ဖြစ်နေကြောင်း၊ တာဝန်ရှိသူများ အနေနှင့် သက်သာသည့်နှုန်း ထားဖြင့် ငှားရမ်းပေးခြင်းအပြင် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးပေးမှသာလျှင် ကျူးဟူသည့် အတန်းအစားက ပပျောက်မည်ဖြစ်ေ ကြာင်း သဲအတင်အချ ပြုလုပ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
အငှားအိမ်ရာ စီမံကိန်းအရ မန္တလေး ကမ်းနားလမ်းတွင် ကျူးကျော်နေထိုင်သည့် နေအိမ်ပေါင်း နှစ်ထောင်ကျော်ရှိသည်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ် စသည်တို့တွင်လည်း ကျူးကျော်နေထိုင်သည့် တဲအိမ်ငယ်များ ရှိသေးသည်။ တစ်မြို့လုံး အတိုင်းအတာဖြင့် ကျူးကျော် နေအိမ်ပေါင်း ငါးထောင်ပတ်လည်ခန့် ရှိနိုင်ပြီး ယင်းကျူးကျော်များ အမှန်တကယ် ပပျောက်စေရန်အတွက် စာရင်းဇယား ရရှိရန် လိုအပ်ကာ ကျူးကျော်စာရင်း ပြန်ကောက်ယူမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် (ကျူးရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်)က ဆိုသည်။
“ကျွန်တော်က အခွန်ဌာနကို တာဝန်ယူရတော့ ကျူးရှင်းလင်းတာလည်း လုပ်ရတယ်။ လောလောဆယ် ကမ်းနားလမ်းနဲ့ မဟာအောင်မြေထဲမှာတော့ လုပ်နေပြီ။ ကျန်တဲ့နေရာတွေကိုတော့ ညွှန်ကြားချက်တွေ မလာသေးဘူး။ ရေရှည် ကျူးရှင်းဖို့ အစီအစဉ်တွေ ရှိပါတယ်။ အသိပညာပေးတာတွေ လုပ်သွားမယ်။ အသေးစိတ်တော့ မလုပ်ရသေးဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိ မန္တလေးမြို့၏ ဝင်ပေါက်တစ်ခုဖြစ်သည့် ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်များ ရှင်းလင်းနေရာတွင်လည်း ရေဆိပ်မှ ကမ်းနားလမ်းပေါ်အထိ ရေအရင်းအမြစ်ဌာန ဧရိယာဖြစ်ပြီး လမ်းပေါ်တွင်သာ စည်ပင်ဧရိယာဖြစ်ကြောင်း၊ မိမိတို့က ရှင်းလင်းလျှင် အောက်ဆင်းနေပြီး နောက်တစ်ဖန် ပြန်၍ အပေါ်တက်နေကြမှုများ ရှိနေသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း လုပ်ဆောင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဦးကျော်ဇောအောင်က သုံးသပ် ပြောဆိုသည်။
ကျူးကျော်များ ရှင်းလင်းနေသော်လည်း ထပ်မံ ကျူးကျော်မှုကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့ကို စောင့်ကြည့်မည့် ဝန်ထမ်းအင်အား မရှိကြောင်း၊ သို့သော် နှစ်ရက်တစ်ခါ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ထပ်မံ ကျူးကျော်လျှင် အသိပေး အကြောင်းကြားခြင်း၊ ဖျက်သိမ်းခြင်းတို့ ပြုလုပ်သွားမည်ဟု ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ရှင်းပြသည်။
လက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကျူးကျော်များအတွက် ရှင်းလင်းဖယ်ရှား၊ နေရာချထားမည့် စီမံကိန်းများ ရေးဆွဲထားခြင်း မရှိသေးသော်လည်း ကျူးရှင်းလင်းရေးကိုမူ စတင်နေပြီဖြစ်သည်။ အစိုးရအဆက်ဆက် မအောင်မြင်ခဲ့သည့် ကျူးကိစ္စကို ကြိုတင် စီမံကိန်းများ ရေးဆွဲထားခြင်း မရှိသေးဘဲ ဖယ်ရှား ရှင်းလင်းခြင်းသည် နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိနိုင်ပါမည်လော။
ဟိုယခင်ကမူ ကျူးကျော်များကို ရှင်းလင်းကာ တိုက်ခန်းများ ပေးလိုက်သဖြင့် ရောင်းချပြီး မူလလမ်းဘေးတွင် ပြန်ကျူးနေထိုင်ကြသည်။ ယခု အငှားအိမ်ရာများ ဆောက်လုပ်ပေးလိုက်တော့လည်း ထိုအခန်းများကို ပြန်လည် ရောင်းချခြင်း၊ ထပ်ဆင့် ငှားရမ်းခြင်းတို့ ပြုလုပ်နေကြသဖြင့် အစိုးရ၏ စီမံချက်တို့မှာ မအောင်မြင်နိုင်ဘဲ ဖြစ်ရသည်။
လက်ရှိ အစိုးရအနေဖြင့်မူ ဖယ်ရှား ရှင်းလင်းခြင်းနှင့်အတူ မည်သည့်နေရာတွင် ချထားမည်၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဈေးစသည်တို့ကိုပါ ပူးတွဲ စဉ်းစား၍ လုပ်ဆောင်သင့်သည်။
အငှားအိမ်ရာ တိုက်ခန်း မဲပေါက်သော်လည်း အလုပ်အတွက် အဆင်မပြေသဖြင့် မူလနေရာ ကမ်းနားလမ်း ဧရာထွန်း တိုက်တန်းအနီးတွင် နေထိုင်ပြီး ပလတ်စတစ်၊ ကော်၊ သံဘူး စသည်တို့ကို ရောင်းဝယ်သည့်အလုပ် လုပ်ကိုင်သည့် ဦးဝင်းရီကမူ ကျူးကျော်များအတွက် လက်ရှိအိမ်ရာမှာ အဆင်မပြေဟု ပြောသည်။
ကျွန်တော့်အလုပ်က ဒီကနေ ရွှေ့လို့လည်း အဆင်မပြေသလို ဟိုမှာ ပေါက်တဲ့ တိုက်ခန်းကလည်း လေးလွှာမှာ ရတာ။ ဒီအလုပ်ကို အဲဒီမှာလုပ်လို့ မရနိုင်ဘူး။ ဒါကြောင့် ဒီမှာပဲ နေနေရတယ်။ ကျူးကျော်တွေ ရှင်းလင်းတာ လက်ခံပေမယ့် ဘယ်လို စီစဉ်ပေးမလဲဆိုတာကိုတော့ သိချင်တယ်။ အစိုးရပိုင်မြေပေါ်မှာ ကျူးကျော်နေလို့ ရှင်းတာကို လက်ခံပေမယ့် နေစရာမရှိလို့ နေနေကြရတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ထောက်ထောက်ညှာညှာ ဖြစ်သင့်တယ်”ဟု ၎င်းက ဆိုသည်။
အလားတူ ကမ်းနားလမ်းတွင် အသုပ်နှင့် အအေးဆိုင် ဖွင့်လှစ်ထားသည့် ဦးစိုးကလည်း ဖယ်ရှားခြင်းကို လက်ခံသော်လည်း အခွင့်ရသလောက် နေထိုင်ဦးမည်ဟု ပြောသည်။
“အရင်တုန်းကလို ဈေးကောက်နဲ့ ပြန်ညှိပြီး နေဖို့အတွက် မျှော်လင့်တယ်။ ကျွန်တော်တို့က နေရာအများကြီး ယူထားတာလည်း မဟုတ်ဘူး”
ထို့အတူ ဝါးထရံဆိုင် ဖွင့်လှစ်ထားသည့် အမျိုးသမီးကလည်း လက်ရှိနေရာက အဆင်ပြေသဖြင့် မပြောင်းရွှေ့လိုဟုပြောသည်။ အခြားနေရာ ရွှေ့ပြန်လျှင်လည်း ထပ်မံ၍ ပြောင်းရွှေ့ခိုင်း၊ ဖယ်ရှားရှင်းလင်းမည်ကို စိုးရိမ်သည်ဟု ဆိုသည်။
Credit: The Voice