မြန်မာနိုင်ငံအတွက် ရန်ကုန်မြို့ဆိုတာ စီးပွားရေး မြို့တော်၊ နိုင်ငံသူ နိုင်ငံသားအများစုရဲ့ အနာဂတ် အိပ်မက်တွေကို ပေးစွမ်းနိုင်တဲ့ မြို့ကြီး ဖြစ်ပါတယ်။
အနယ်နယ် အရပ်ရပ်က အခြေချ နေထိုင်သူတွေ များပြားပြီး စီးပွားရေး လုပ်ငန်း အများစု တည်ရှိ ရာ မြို့ဆိုတော့ လူနေထူထပ်မှုနှုန်းက နှစ်စဉ်နှစ်တိုင်း တိုးတက်နေပါတယ်။
၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှုနဲ့အတူ အခြေခံ အဆောက်အအုံ တွေ လိုအပ်ချက်ရှိနေတဲ့ ရန်ကုန်မြို့ကြီးမှာ အထပ်မြင့် အဆောက်အအုံတွေဖြစ်တဲ့ မိုးမျှော်တိုက် စီမံကိန်းတွေ၊ မြို့သစ်စီမံကိန်းတွေ ပေါ်ထွက်လာပါတယ်။
လူဦးရေ များပြားတဲ့၊ နှစ်စဉ်လည်း လူဦးရေ တိုးနှုန်းများပြားတဲ့ ရန်ကုန်မြို့ပြမှာ နေထိုင်သူတွေ အတွက် အိမ်ရာ အဆောက်အအုံ လိုအပ်ချက် များပြားပါတယ်။ အဲဒီထဲမှာမှ ရန်ကုန်လို ဖွံ့ဖြိုးစ မြို့အတွက် စီးပွားရေး လုပ်ငန်းများအတွက် အရေးပါတဲ့ အထပ်မြင့် အဆောက်အအုံတွေ၊ မြို့နေ လူထုအတွက် နေအိမ်တိုက်ခန်းတွေ အလျင်မီအောင် ဖြည့်ဆည်းဖို့ လိုပါတယ်။
အကုန်အကျ များမယ့် မြို့သစ်တွေကို ဖော်ထုတ်သလို ရှိပြီးသား မြို့နယ်တွေမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ ဖြည့်ဆည်းတာကလည်း လိုအပ်ချက်တွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
မြို့သစ် တည်ထောင်တာထက် ရှိပြီးသား မြို့ကို အဆင့်မြှင့်တင်တာ၊ အခြေခံ အဆောက်အအုံတွေ ကို ဖြည့်ဆည်းတာက ကုန်ကျစရိတ် သက်သာနိုင်သလား စဉ်းစားဖို့ လိုပါတယ်။
လက်ရှိ နေထိုင်သူတွေ အတွက်လည်း ရန်ကုန်မြို့က လိုအပ်ချက် များစွာနဲ့ပါပဲ။ မြို့တွင်းရော မြို့စွန်မှာပါ ရေကြီး၊ မြောင်းလျှံ၊ အနံ့က နံ၊ လမ်းကဆိုးနဲ့ တစ်နေရာကနေ တစ်နေရာ သွားရင် လည်း လမ်းပိတ်ဆို့မှုဒဏ် ခံရပါသေးတယ်။
အဲဒါကြောင့် ကုန်ကျစရိတ် များပြားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေ ဖော်ဆောင်မှုထက် ဖော်ထုတ် ခဲ့ပြီး ဖြစ်တဲ့၊ မဖွံ့ဖြိုးသေးတဲ့ မြို့သစ်တွေကို အဆင့်မြှင့်တင်ပေးတာနဲ့ အဆောက်အအုံ စီမံကိန်းတွေ အမြန်ပြီးစီးအောင် တွန်းအားပေးသင့်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ရန်ကုန်မြို့ရဲ့ အကျယ်အ၀န်းဟာ ၁၉၈၈ ခုနှစ် မတိုင်မီက စတုရန်းမိုင် ၈၀ လောက်ပဲ ရှိခဲ့ရာ
ကနေ ၂၀၀၀ ပြည့်နှစ်မှာ စတုရန်းမိုင် ၂၄၀ ၀န်းကျင်အထိ ရှိလာပြီး အဲဒီကာလအတွင်း ရန်ကုန်မြို့ ရဲ့ အကျယ်အ၀န်းဟာ သုံးဆလောက်အထိ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ် အထိ ဆက်လက် တိုးချဲ့ခဲ့ရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ရဲ့ စုစုပေါင်း ဧရိယာ ၃၀၆ စတုရန်းမိုင်အထိ ရှိလာခဲ့ပါတယ်။
လူဦးရေ အနေနဲ့ ၁၉၈၃ ခုနှစ်မှာ သုံးသန်းလောက်ပဲ ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ခံမှုအရ လူဦးရေ ၅ ဒသမ ၂ သန်းအထိ တိုးပွားလာခဲ့ပါတယ်။ အဲဒီ စာရင်းမှာ အတည်တ ကျ ပုံစံ ၁၀ နဲ့ နေထိုင်တဲ့ သူတွေပဲ ဖြစ်ပြီး ပုံစံ ၁၀ မရှိသူတွေနဲ့ ယာယီ လာရောက်နေထိုင်သူ
တွေ ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း ခြောက်သန်းဝန်းကျင် ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်မြို့နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ များစွာ ပေါ်ပေါက်လာတာကြောင့် ကျေးလက်ဒေသတွေက နေ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်ဆီကို ပြောင်းရွှေ့ပျံနှံ့ လာခဲ့ကြပါတယ်။
လူဦးရေ တိုးနှုန်း အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ တိုးပွားခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ လူဦးရေ တိုးနှုန်းမှာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထက် နှစ်ဆ လောက် မြင့်မားနေပါတယ်။
ရန်ကုန်မြို့ရဲ့ လက်ရှိ လူဦးရေ တိုးနှုန်းနဲ့ ဆက်လက် တိုးပွားမယ်ဆိုရင် နောက်ထပ် ၂၅ နှစ်အတွင်း လူဦးရေ ၁၀ သန်းကျော် ၁၁ သန်းအထိ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
အဲဒီ လူဦးရေ တိုးနှုန်းကို ချိန်ဆပြီး ရန်ကုန်မြို့ကို တိုးချဲ့ဖို့ မြို့သစ် စီမံကိန်း ခုနစ်ခုကို အရင် အစိုးရ လက်ထက် ကတည်းက လုပ်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုထား ပါတယ်။
အဲဒီ မြို့သစ်စီမံကိန်း ခုနစ်ခုကို အတည်မပြုခင် ရန်ကုန်မြို့ရဲ့ အနောက်ဘက် ဒေသဖြစ်တဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို စတဲ့ ဒေသတွေ ပါဝင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်
ကုမ္ပဏီကို တာဝန်ပေးပြီး လုပ်ကိုင်ခွင့် ပေးမယ်လို့ စီစဉ်ခဲ့ပေမယ့် အဲဒီ စီမံကိန်းအပေါ် ဘက်ပေါင်းစုံ ကနေ ဝေဖန်မှု များစွာ ထွက်ပေါ်ခဲ့တာကြောင့် စီမံကိန်း ရပ်ဆိုင်းခဲ့ရပါတယ်။
အဲဒီနောက် အရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နဲ့ JICA တို့ ပူးပေါင်း ရေးဆွဲခဲ့တဲ့ ‘မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀’ အရ ရန်ကုန်မြို့ကို မြို့သစ်စီမံကိန်း ခုနစ်ခုနဲ့ ချဲ့ထွင်မယ်လို့ ပေါ်ထွက်လာခဲ့ပြီး အဲဒီ စီမံကိန်း ခုနစ်ခုမှာ
ရပ်ဆိုင်းသွားခဲ့တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းက ရန်ကုန် အနောက်တောင် မြို့သစ် စီမံကိန်း အဖြစ်
ပြန်လည် ပါဝင်လာပါတယ်။
ပြန်ကြည့်မယ်ဆိုရင် အရင်အစိုးရ လက်ထက်ကတည်းက မြို့သစ်တွေကို တိုးချဲ့ကာ အကျိုးအမြတ် ရရှိရေးကိုသာ စိတ်ဝင်စားခဲ့ပြီး မြို့သစ်အဖြစ် ဖော်ထုတ်ပြီးတဲ့ ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း စတဲ့ အခြေခံ အဆောက်အအုံတွေ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေကို ထပ်မံမြှင့်တင်ပေးဖို့ စိတ်ဝင်စားမှု အားနည်းခဲ့တာ တွေ့ရပါတယ်။
အဲဒီ ဒေသတွေမှာ အစိုးရပိုင် မြေနေရာ အများကြီး ရှိနေပြီး လက်ရှိ အစိုးရကသာ ဆန္ဒရှိမယ်ဆိုရင် ပြည်သူတွေ အတွက် နေအိမ်အဆောက်အအုံတွေ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ အစိုးရသစ် လက်ထက်မှာလည်း ရန်ကုန်မြို့သစ် စီမံကိန်း ခုနစ်ခုကို လက်ရှိ ၂၀၁၆ ခုနှစ်မှ လာမယ့် ၂၀၃၀ ပြည့်နှစ်အထိ တဖြည်းဖြည်း ဖော်ဆောင်သွားဖို့ စီစဉ်နေပါတယ်။
အဲဒီမြို့သစ် ခုနစ်ခုမှာ ....
- ဒဂုံမြို့သစ် လေးမြို့နယ် ပါဝင်တဲ့ ရန်ကုန် အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊
- ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊
- သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
- ဒလမြို့သစ် ၁၅၁၇၃ ဧက၊
- ထန်းတပင် မြို့သစ် ၂၄၇၄၈ ဧက၊
- မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့်
- လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧကတို့ ဖြစ်ပါတယ်။
ဒီစီမံကိန်းတွေအရ ကြည့်မယ်ဆိုရင် ရန်ကုန်အရှေ့ပိုင်း မြို့သစ်က အရင် ဖော်ထုတ်ပြီး ဖြစ်တဲ့ ဒဂုံမြို့သစ်တွေ ပါဝင်တဲ့အတွက် တခြားမြို့သစ်တွေထက် ကုန်ကျစရိတ် နည်းပါးပြီး ထိရောက်မှု ပိုမို ရရှိနိုင်ပါတယ်။
ဒါပေမဲ့ မြို့သစ်တွေကို ဖော်ဆောင်တဲ့ အခါ အစိုးရ အနေနဲ့ ကုန်ကျစရိတ် တတ်နိုင်မှာ မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူ (Developer) ဖြင့်သာ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်း တွေ ဖော်ထုတ်မယ်ဆိုရင် ကုန်ကျစရိတ် ဘီလျံများစွာ ရှိမှာဖြစ်ပြီး အဲဒီ ရင်းနှီးမြှုပ်နှံမှုကို အစိုးရ အနေနဲ့ တတ်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီလို အစိုးရက မတတ်နိုင်တဲ့ အခါ ရင်းနှီးမြှုပ်နှံသူ (Developer) ကို ပုံအပ်ကာ ဒီဇိုင်းရေးဆွဲ ခိုင်းတာကြောင့် (Developer) က သူတို့ အကျိုးအမြတ် ပိုရရှိစေမယ့် ပုံစံတွေကိုပဲ ရေးဆွဲမှာ ကိုလည်း စိုးရိမ်ရပါတယ်။
ဒါကြောင့် စီမံကိန်းတွေကို အစိုးရက ဦးဆောင် ရေးဆွဲသင့် တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားပါတယ်။
ဒါပေမဲ့ လက်ရှိ အနေအထားအရ ကုန်ကျစရိတ် များပြားတဲ့ မြို့သစ်တွေကို ချဲ့ထွင်တာထက် ရှိပြီးသား မြို့သစ်တွေကိုပဲ ပိုမို ဖွံ့ဖြိုးအောင် အဆင့်မြှင့်တင်တာ၊ လူနေ သိပ်သည်းအောင်၊ လူနေပျော်အောင် ပြုလုပ်ပေးဖို့ ပိုပြီး လိုအပ်နေပါတယ်။
အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကတည်းက ဖော်ထုတ်ခဲ့တဲ့ မြို့သစ်တွေဖြစ်တဲ့ ဒဂုံမြို့သစ် လေးမြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ လက်ရှိ အချိန်အထိ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးဖို့ လိုအပ်နေပါတယ်။
“မြို့သစ်တွေ တည်တည်၊ အရင် မြို့ဟောင်းပဲ လုပ်လုပ် တကယ်တမ်း မြို့သစ်တစ်ခုတည်မယ်ဆိုရင် နေဖို့ တစ်ခုတည်းကိုပဲ မစဉ်းစားဘဲနဲ့ လူတွေကို နေပျော်အောင် လုပ်ပေးဖို့ လိုအပ်တယ်။ တိုက်တွေ ဆောက်၊ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲ လူတွေ ဆွဲသွင်းတဲ့ ပုံစံမျိုးကို မဖြစ်စေချင်ဘူး။ မြို့သစ် တည်မယ့် ကိစ္စက လိုအပ်မှ လုပ်သင့်တာ။ လက်ရှိ စည်ပင်သာယာ နယ်နိမိတ်ထဲက တချို့
မြို့သစ်တွေ၊ စည်ပင်သာယာ နယ်နိမိတ်ပြင်ပက မြို့နယ် ၁၁ ခုဆိုရင် အခု မြို့အဆင့်လို့ ပြောလို့ မရသေးဘူး။ အဲဒီ မြို့တွေကိုလည်း အဆင့်မြှင့်ပေးသင့်တယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်း လတ်က ပြောကြားပါတယ်။
“ကျွန်တော်တို့ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အပြင် ဆင်းရဲတဲ့ နိုင်ငံထဲက ရုန်းထွက်နေတဲ့ အဆင့်ဆို တော့ ထူထောင်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက အင်တိုက် အားတိုက် လုပ်ဆောင်နိုင်မှု မရှိပါ ဘူး။ နောက်တစ်ခုက ကျွန်တော် အရင် လွှတ်တော်မှာ ၂၀၁၄ ခုနှစ်က ဆွေးနွေးခဲ့ဖူးတယ်။
မြို့သစ်တွေကို တိုးချဲ့မယ့်အစား ဒဂုံမြို့သစ် တောင်ပိုင်း၊ အရှေ့ပိုင်းတွေက မြို့ပြနဲ့ ညီညွတ်မှု မရှိဘူး။ မြှင့်တင်ပေးဖို့ လိုပြီဆိုတာ ကျွန်တော် တင်ပြခဲ့ဖူးပါတယ်။ မြို့ပြအင်္ဂါရပ်နဲ့ ညီအောင် ဆောင် ရွက်ပေးဖို့ လိုပြီ။ မြို့သစ်တွေမှာ မပြောနဲ့၊ ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်တွေမှာတောင် မြို့ပြ
အင်္ဂါရပ်နဲ့ မညီတာတွေ ကျွန်တော်တို့ဆီမှာ ရင်ဆိုင်နေရတုန်းပါပဲ။ တကယ်လည်း အရင်လက်ထက် က စီမံကိန်းတွေကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မလိုအပ်သေးဘဲနဲ့ စီမံကိန်း ဆိုတာတွေ ဖော်ထုတ်ခဲ့တယ်။ မလိုသေးတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်သေးဘူးပေါ့။
ကျွန်တော်တို့နိုင်ငံက မဖွံ့ဖြိုးသေးဘူး။ တစ်ဖက်က လူနေမှု နိမ့်ကျတဲ့ အခါမှာ အခြေခံ လူတန်းစား တွေရဲ့ ဘ၀ဟာ ကိုယ်ရဲ့ ရုန်းကန်မှုအတွက် တစ်ဖက်မှာ ဒုစရိုက်မှုတွေ ပိုပြီး ကြီးထွားလာတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်က သုံးသပ် ပြောကြားပါတယ်။
“ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး Plan ရေးဆွဲနေတာ ရှိတယ်လို့ သိရတယ်။ အဲဒီမှာ ရန်ကုန်မြို့ပြကို တြိဂံပုံစံနဲ့ ဘေးနားသုံးခုကို ဖွံ့ဖြိုးအောင် လုပ်မှာ။ အဲဒီမှာ သီလ၀ါ ပါတယ်။ ရန်ကုန်အရှေ့၊ဟိုဘက် က ကြည့်မြင်တိုင် တစ်ဖက်ကမ်းပါတဲ့ အနောက်တောင်ပေါ့။ အဲဒီ မြို့ပြဖွံ့ဖြိုးရေးမှာ လက်ရှိ
တည်ထားပြီး မဖွံ့ဖြိုးသေးတဲ့ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းတို့လို မြို့သစ်တွေက ပါသွားလိမ့်မယ်။ မြို့ဆိုတာ လူရှိမှ စည်ကားမှာလေ။ အဲဒါတွေကို သေချာဖွံ့ဖြိုးအောင် လုပ်မှာပေါ့။ ရန်ကုန် အနောက်တောင်လို မြို့သစ်တွေကတော့ သီးသန့်လို ဖြစ်နေတာတော့ တဖြည်းဖြည်းမှပဲ လုပ်သွား မယ့် သဘော ရှိတယ်” လို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားပါတယ်။
လက်ရှိ ရန်ကုန်မြို့ အနေနဲ့ အိမ်ရာ လိုအပ်ချက် မြင့်မားနေပြီး ၂၀၁၃ ခုနှစ်က ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်မှ တရားဝင် ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ရန်ကုန်မြို့မှာ တစ်နှစ်ကိုအိမ်ရာ အခန်းပေါင်း ၂၀၀၀၀ ကျော် လိုအပ်နေပေမယ့် အခန်းပေါင်း ၇၀၀၀ ကျော်ကိုပဲ ဆောက်လုပ်
ဖြည့်ဆည်းပေးနိုင်ကြောင်း သိရပါတယ်။
အဲဒီလို လိုအပ်ချက် များနေတာကလည်း တချို့ အဆောက်အအုံတွေဟာ ငွေကြေးလည်ပတ်မှုအား မကောင်းတာကြောင့် လုပ်ငန်း ရပ်ဆိုင်းသွားရတာဖြစ်ပြီး အဲဒါတွေကို အမြန် ပြီးစီးစေဖို့ ထောက်ပံ့ တွန်းအားပေးနိုင်မှု မရှိတာတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ လုပ်ငန်းတွေကို အမြန်ပြီးစီးအောင် တွန်းအားပေးရာမှာ အစိုးရက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေထုတ်ချေးပေးတာလိုမျိုး ကူညီမှုတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အဲဒီ အဆောက်အအုံ စီမံကိန်းတွေဟာ အများပြည်သူ အထူးသဖြင့် အခြေခံ ပြည်သူတွေ လက်လှမ်းမီတဲ့ စီမံကိန်းမျိုးကိုပဲ အစိုးရအနေနဲ့ ပိုမို တွန်းအားပေး ကူညီသင့်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
“ဒီလုပ်ငန်းက ဘယ်လောက်အထိ ဖွံ့ဖြိုးလဲ ဆိုတာလည်း ချိန်ဖို့ လိုတာပေါ့။လုပ်ငန်းကို အကြောင်း ပြပြီး အကျိုးအမြတ်ရဖို့ ရင်းနှီးသူနဲ့ အစိုးရ အကျိုးအမြတ် ရှိအောင် လုပ်သွားတဲ့၊ တိုင်းပြည်အ တွက် အကျိုးအမြတ် မရှိတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ အားလုံး တတ်နိုင်တဲ့ အိမ်ရာတွေ ကိုတော့ အစိုးရ အနေနဲ့ တွန်းအားပေး လုပ်သင့်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်က ပြောကြားပါတယ်။
တန်ဖိုးနည်း အိမ်ရာတွေကိုလည်း လက်ရှိအစိုးရသစ် လက်ထက်တွင် ဖိဖိစီးစီး လုပ်ဖို့ တိုက်တွန်း ကြပါတယ်။ တန်ဖိုးနည်းလို့ ဆိုရာမှာ အငှားအိမ်ရာလိုမျိုး တစ်လကို ငွေကြေး အနည်းငယ် သွင်းရုံနဲ့ နှစ်များစွာ ကြာလာတဲ့အခါ အခန်းပိုင်ဆိုင်နိုင်တဲ့ အရစ်ကျ စနစ်တွေလည်း ဖော်ဆောင်သင့်တယ် လို့ အကြံပြုမှုတွေ ရှိနေပါတယ်။
“တန်ဖိုးနည်းတွေကို ဖြစ်နိုင်ရင်တော့ တခြားနိုင်ငံတွေမှာ အိမ်ငှားစနစ်တွေလိုပဲ အငှားစနစ်နဲ့ လုပ်ပေးရင်း နောက်ပိုင်း ပိုင်သွားနိုင်အောင်ပေါ့။ ဒီဥစ္စာ ဘယ်လို လုပ်ပေးနိုင်မလဲ။ ဘယ်လောက် ထပ်ပေးနိုင်မလဲ ဆိုတာပေါ် မူတည်ပြီး အပိုင် လုပ်ပေးရမှာ။ အစိုးရကလည်း အငှားစနစ်ကို သေချာ
အကောင်အထည် ဖော်သင့်တယ်” ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူ တစ်ဦးကပြောကြားသည်။
ယခင် အစိုးရ လက်ထက်က တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာတွေ ဖော်ဆောင်ရာမှာ အိမ်ရာ လိုအပ်ချက်နဲ့ ကျူးကျော် ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်လို့ ဆိုပေမယ့် အဲဒီ အိမ်ရာ တွေက ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံ ပြည်သူတွေ၊ ပုံမှန်ဝင်ငွေရှိ ပြည်သူတွေတောင် ၀ယ်ယူ နိုင်တဲ့ အနေအထား မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါတွေကိုလည်း လက်ရှိ အစိုးရက ဆောင်ရွက်မယ့် မြို့ပြအဆင့် မြှင့်တင်တာ ဖြစ်ဖြစ်၊ မြို့သစ်တည် တာ ဖြစ်ဖြစ် စီမံကိန်းတွေမှာ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။
“တန်ဖိုးနည်း ဆိုတာ အခု ရောင်းနေတဲ့ သိန်း ၁၀၀ ကျော်ဆိုတာ တန်ဖိုးနည်း မဟုတ်တော့ဘူး။ အမှန်ဆို အစိုးရ အနေနဲ့ Developer နဲ့ ပူးပေါင်းပြီး တန်ဖိုးချပြီး ဆောက်ပေးရမှာ။ အဲဒါမှ လူတွေ နေနိုင်မှာ။ ပြီးတော့ အရစ်ကျ အနေနဲ့ ရောင်းပေးဖို့ လိုတယ်။ ဒါတွေ ဖန်တီးပေးဖို့ လိုပါတယ်” လို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းနိုင်ဦးက ပြောကြားပါတယ်။
ရန်ကုန်မြို့ရှိ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် အပါအ၀င် ဖော်ထုတ်ပြီး မြို့သစ်တွေမှာ ကျူးကျော် တဲတွေ တဖြည်းဖြည်း တိုးပြီး ဆောက်လုပ်နေတာကို လက်ရှိ မြို့နယ်စည်ပင်သာယာနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က သိရှိပေမယ့် စတင်ဆောက်လုပ်စဉ် ကတည်းက တားဆီးမှုမရှိဘဲ ကျူးလွန်သူ များပြားချိန်မှာ ကျူးကျော်နေ ပြည်သူတွေကို စက်ယန္တရားတွေနဲ့ အင်အားသုံး
ဖြိုခွဲဖြေရှင်းနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီလို အင်အားသုံး ဖြိုခွဲဖြေရှင်းမှုတွေ မပေါ်ပေါက်လာစေရေးအတွက် သင့်လျော်တဲ့ အိမ်ရာ အမျိုးမျိုးကို မြို့ပြ စီမံကိန်းပုံစံတွေ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီက အကြံပြုထား ပါတယ်။
ရန်ကုန်မြို့ကြီးဟာ အခုချိန်မှာ ကျူးကျော်ပြဿနာတွေ၊ မြို့ပြ အဆင့်အတန်း နိမ့်ကျမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် လက်ရှိ လူဦးရေ တိုးနှုန်းအရ မကြာမီနှစ်တွေမှာ လူဦးရေ ၁၀ သန်းခန့် နေထိုင်တဲ့ မြို့ကြီး ဖြစ်လာတော့မှာပါ။
အစိုးရတိုင်းကလည်း နိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့ကြီးကို အာရုံစိုက်ကြပေမယ့် စီမံခန့်ခွဲမှု အားနည်းမှုတွေကြောင့် အခြေခံ လူတန်းစားတွေ၊ အသင့်အတင့် ၀င်ငွေရသူတွေအတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ ရန်ကုန်မြို့အတွက် ကုန်ကျစရိတ် များပြီး နှစ်ရှည်ဆောင်ရွက်ရမယ့် မြို့သစ်စီမံကိန်းတွေထက် အရည်အသွေး မပြည့်မီတဲ့ လက်ရှိ ရန်ကုန်မြို့သစ်တွေ၊ မြို့စွန်တွေကို မြို့ပြအဆင့်အတန်းမီအောင် ဆောင်ရွက်တာက ပိုပြီး ထိရောက်နိုင်သလားဆိုတာ အစိုးရက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
Credit: Eleven Media Group