တန်ဖိုးကြီးကွန်ဒို တိုက်ခန်းတွေနဲ့ အခန်းကျယ်တွေ အရောင်းအဝယ် မရှိသလောက် ရပ်ဆိုင်းနေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ် ။
လက်ရှိအိမ်ခြံမြေ တိုက်ခန်းဈေးကွက်က ကွန်ဒို တိုက်ခန်းတွေ နဲ့ ဈေးမြင့် အခန်းကျယ်တွေ အရောင်းအဝယ် လုံးဝ ရပ်တန့်နေပြီး တန်ဖိုးနည်း အခန်းတွေသာ အရောင်းအဝယ် ဖြစ်နေပါတယ် ။
မြန်မာရွှေဥဒေါင်းမင်းနဲ့ မဟာနဝရတ်မြေ ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဌ ဦးနိုင်ဝင်းက ‘လုံးဝအရောင်းအဝယ် မရှိဘူး ၊ တိုက်ခန်းကျယ်တွေက အခန်းသေးသေးလေးတွေပဲ အရောင်းအဝယ်ရှိပြီး ကွန်ဒိုတိုက်ခန်းတွေ လုံးဝအရောင်းအဝယ်မရှိဘူး’ လို့ ပြောပါတယ် ။
လက်ရှိရန်ကုန်အိမ်ခြံမြေ တိုက်ခန်းဈေးကွက်က ကျပ်သိန်း ၅၀၀ ဝန်းကျင်တန်တွေသာ အရောင်းအဝယ် ဖြစ်နေသလို အများဆုံး အရောင်းအဝယ်ဖြစ်နေတာကတော့ ကျပ်သိန်း ၁၀၀ ဝန်းကျင်အရစ်ကျ တိုက်ခန်းတွေပဲဖြစ်ပါတယ် ။ အရင်က ကြိုပွိုင့်တိုက်ခန်းတွေကိုသာ အရစ်ကျ ရောင်းချတာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အသင့်နေထိုင်လို့ရတဲ့ တိုက်ခန်းတွေကိုပါ အရစ်ကျရောင်းချလာကြပါတယ်။
ဒါ့အပြင် မြေပိုင်ရှင်တွေ ကိုယ်တိုင်ကလည်း အကျိုးတူ ဆောက်လုပ်ထားတဲ့ တိုက်ခန်းတွေကို နားလည်မှုနဲ့ အရစ်ကျ ရောင်းချတာတွေ ရှိသလို ၃၀ ရာခိုင်နှုန်းပေး အသင့်နေပြီး လစဉ်ကြေးပေးသွင်းပြီး ရောင်းချတာတွေလည်း ရှိပါတယ် ။
သည်လို အရစ်ကျရောင်းချတဲ့ တိုက်ခန်းတွေက ပြင်ပက တိုက်ခန်းပေါက်ဈေးတွေထက် ကျပ် ၁၀ သိန်းလောက်များပြားပြီး အရစ်ကျကို သုံးနှစ်လောက်အထိ ထားကာ ရောင်းချလာကြပါတယ် ။
အရစ်ကျကို ၃၀ ရာခိုင်နှုန်းသွင်းကာ တစ်လငါးသိန်းနဲ့ ရောင်းချတာတွေ ရှိသလို လူနေထိုင်လို့မရသေးတဲ့ တိုက်ခန်းတွေကိုတော့ ၃၀ ရာခိုင်နှုန်းသွင်း တစ်လတစ်ရာခိုင်နှုန်းနဲ့ ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ် ။ တိုက်ခန်း အရောင်းဈေးနှုန်းတွေကတော့ နောက်ပိုင်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၁၄၀ လောက်အထိ ဈေးနှုန်းသင့်တင့်တဲ့ တိုက်ခန်းတွေ ပါဝင်ပြီး အားလုံးလိုလိုကတော့ အရစ်ကျရောင်းချလာကြပါတယ် ။
မြေကွက်အရောင်းဈေးကွက်က အရင်က ကျပ်သိန်း ၁၀၀ အောက်မြေကွက်အရောင်းမရှိပေမဲ့ နောက်ပိုင်းမှာတော့ သိန်း ၁၀၀ အောက်မြေကွက်တွေအပြင် သိန်း ၅၀ အောက်မြေကွက်တွေပါ ခွဲခြမ်းပြီး ရောင်းချလာကြပါတယ် ။ ဈေးကွက်တိုင်းလိုလို ကိုယ်တိုင်အရောင်းတင်ပြီး တစ်ခါနဲ့ တစ်ခါ မတူညီတဲ့ လျှော့ဈေးတွေနဲ့ ရောင်းလာကြပါတယ် ။ တန်ဖိုးနည်းမြေကွက်အများစုကတော့ အရင်က ဈေးကွက်ကောင်းချိန်ဝယ်ယူပြီး ထားကြတဲ့ မြေကွက်တွေဖြစ်ပြီး အများစုကတော့ အိမ်မပါတဲ့ စလစ်မြေ ၊ ပါမစ်နဲ့ လယ်ယာမြေတွေ ဖြစ်ကြပါတယ် ။
တန်ဖိုးနည်းမြေကွက်အမျးစုက ဒဂုံလေးမြို့နယ်က မြေတွေအပြင် အခုနောက်ပိုင်း မှောဘီ ၊ တိုက်ကြီး ၊ မင်္ဂလာဒုံ ၊ သန်လျင် ၊ လေးထောင့်ကန် အစရှိတဲ့ နေရာက မြေတွေကိုပါ ရောင်းချလာကြပါတယ် ။ မြေတွေကို အကျယ်အဝန်းအရှိတိုင်း ရောင်းချတာမျိုးထက် ငွေကြေးတတ်နိုင်သလောက် ခွဲခြမ်းပြီး ရောင်းချတာတွေလည်း ရှိနေပါတယ် ။
Credit: The Modern