အမေရိကန်နိုင်ငံသားတို့အတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်
နေထိုင်စရိတ်အသက်သာဆုံးအခြေအနေဖြင့် အလုပ်မှအနားယူပြီးနောက် နေထိုင်ရန်
ကမ္ဘာ့အကောင်းဆုံးနေရာများဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အငြိမ်းစားယူမှုနှင့်
ပြောင်းရွှေ့နေထိုင်မှုအခွင့်အလမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ
ဖော်ပြရာတွင် သြဇာညောင်းသည့် International Living မဂ္ဂဇင်းက ထုတ်ပြန်လိုက်သော ၂၀၁၇ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အငြိမ်းစားဘ၀ ညွှန်းကိန်း စာရင်းတွင်ဖော်ပြထားသည်။
International Living သည် နေအိမ်ငှားရမ်းခနှုန်းထား၊ အမေရိကန်သို့ ပြန်ရန်
လေယာဉ်လက်မှတ်ခ၊ အ၀တ်အထည်ဈေးနှုန်း၊ တယ်လီကွန်မြူနီကေးရှင်း၊ ရုပ်ရှင်လက်မှတ်ခ၊ အစားအသောက်ဈေးနှုန်း၊ ကိုယ်ကာယလေ့ကျင့်ရုံအဖွဲ့ဝင်ကြေး နှင့်
ပြည်တွင်းခရီးသွားစရိတ် ကဲ့သို့သော စံနှုန်းများကို အခြေခံ၍ ထိုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအမေရိကန်နိုင်ငံသားတို့အတွက် နေထိုင်စရိတ်အသက်သာဆုံး
အခြေအနေဖြင့်အလုပ်မှအနားယူပြီးနောက် နေထိုင်ရန် ကမ္ဘာ့အကောင်းဆုံးနေရများစာရင်း၏
ထိပ်တန်း (၅) နေရာတွင် ကမ္ဘောဒီးယား(အရှေ့တောင်အာရှနိုင်ငံ) က နံပါတ် ၁ နေရာ၌ ဖော်ပြခံခဲ့ရပြီး နီကာရာဂွါ (လက်တင်အမေရိကနိုင်ငံ)၊ ပီရူး (တောင်အမေရိကနိုင်ငံ)၊
ကိုလံဘီယာ (တောင်အမေရိကနိုင်ငံ) နှင့် ဗီယက်နမ် (အရှေ့တောင်အာရှနိုင်ငံ) တို့က
အစဉ်လိုက်ဖော်ပြခံခဲ့ရသည်။
ကမ္ဘောဒီးယားသည် အခြားမှလာရောက်နေထိုင်သူများအတွက် ကမ္ဘာ့နေထိုင်စရိတ်အသက်သာဆုံးဖြစ်သည်။ "ဒီလိုဆိုလို့ ရရှိခံစားရတဲ့ ဘ၀အရည်အသွေး နိမ့်မယ်လို့
တော့ မထင်လိုက်နဲ့။ ကုန်ကျစရိတ်လည်း သက်သာတယ်၊ အရည်အသွေးလည်းမြင့်ပါတယ်" ဟု International Living ၏ သတင်းထောက် စတီဗင်ကင်းကပြောကြားခဲ့သည်။
"ဥပမာပြောရရင် မြို့တော်ဖနွမ်းပင်မှာ အနောက်တိုင်းဟန်ပန်
တိုက်ခန်းတစ်ခန်းကို ၁ လငှားရမ်းခမှ ဒေါ်လာ ၃၀၀ ၀န်းကျင်နဲ့ ငှားလို့ရပါတယ်။
ကမ်းခြေမြို့ သီဟာနုဗီလီမှာဆို ၂၀၀ လောက်နဲ့ကို ရပါတယ်" ဟုလည်း သူက ပြောကြားခဲ့သေးသည်။
အခြားမှလာရောက်နေထိုင်သူများနှင့် ခရီးသွားများအတွက် အရှေ့တောင်အာရှ၏ရေပန်းစားသောနေရာတစ်ခုဖြစ်လာသည့် ဗီယက်နမ်တွင်လည်း မြို့အချက်အချာနေရာ
များ၌ ပရိဘောဂပါ၊ အသင့်ပြင်ဆင်ပြီး အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်းကို ၁ လဒေါ်လာ ၅၀၀ ၀န်းကျင်နှင့် ငှား၍ရပြီး ကမ်းခြေမြို့များတွင် ၃၅၀ ၀န်းကျင်ဖြင့်ငှား၍ရကြောင်း International Living ၏
သတင်းထောက် ၀င်ဒီဂျက်စတစ်ကပြောကြားခဲ့သည်။
အခြားအရှေ့တောင်အာရှ၏ ရေပန်းစားသောနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းတို့က ယင်းစာရင်း၏ နံပါတ် ၆ နေရာနှင့် ၁၂ နေရာတို့တွင် ဖော်ပြခံခဲ့ရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com