ဟောင်ကောင်ဘီလျံနာ ဟင်နရီချန်းသည် လန်ဒန်ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် ပေါင် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ပြီးနောက်ပိုင်း ဗြိတိန်တွင် အကြီးမားဆုံးဆုံး ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်လာခဲ့သည်။
ဟင်နရီချန်းသည် ဟောင်ကောင်အခြေစိုက် New World Development ၏ ဥက္ကဌလည်းဖြစ်ပြီး ယခုအကောင်အထည်ဖော်မည့် စီမံကိန်းမှာ ဟိုတယ်များ၊ လူနေအိမ်များ၊ ရုံးခန်းများ၊ ရုပ်ရှင်ရုံများ ပါဝင်မည့် ဘက်စုံသုံးစီမံကိန်းတစ်ခု ဖြစ်သည်။
စီမံကိန်းတွင် လူနေခန်းပေါင်း ၈၀၀၊ စုစုပေါင်း စတုရန်းပေ ၁ ဒသမ ၄ သန်း အကျယ်အဝန်းရှိမည့် ရုံးခန်းနေရာနှင့် ဟိုတယ်ခန်း ၅၀၀၊ ဘတ်စ်ကားလိုင်းတစ်ခု၊ ရုပ်ရှင်ရုံ၊ အရက်ဘားများ၊ ဈေးဆိုင်များပါဝင်မည်ဖြစ်ကြောင်း ဟင်နရီချန်း၏ Knight Dragon ကုမ္ပဏီက ထုတ်ပြန်ထားသည်။
“ဒီစီမံကိန်းက ကျွန်တော်တို့ရဲ့ ရေရှည်ယုံကြည်ချက်ကို လှစ်ဟပြသနေပါတယ်” ဟု Knight Dragon ၏ ဒုတိယဥက္ကဌ ဆမ်မီလီက ပြောကြားသည်။
ဟင်နရီချန်းသည် ပြီးခဲ့သော တရုတ်နှစ်သစ်ကူးအကြိုကာလတွင် လေဖြတ်ခဲ့သည်ဟုသော
ကောလာဟလများလည်း ထွက်ပေါ်နေသည်။
အသက် ၇၀ ရှိပြီဖြစ်သော ဟင်နရီချန်းသည် ကျန်းမာရေးမကောင်းလှသောကြောင့် အနားယူရန်အတွက် ကုမ္ပဏီမှ ခွင့်ယူထားကြောင်း New World Development ၏ ထုတ်ပြန်ချက်တစ်ရပ်တွင်လည်း ဖော်ပြသည်။
ယင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း New World Development ၏ ရှယ်ယာတန်ဖိုး ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားရာ ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၉၃ သို့ ကျဆင်းသွားသည်။
ဟင်နရီချန်းမိသားစုသည် ဟောင်ကောင်တွင် တတိယမြောက်အချမ်းသာဆုံးဖြစ်ကြောင်း ဖော့ဘ်မဂ္ဂဇင်းကြီး၏ ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြပြီး ဟောင်ကောင်ဒေါ်လာ ၁၃၉ ဘီလီယံကြွယ်ဝကြောင်း ခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)