တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့်လ (၂၀၁၇ ဇန်န၀ါရီ)က ကြိုပွိုင့်အိမ်ရောင်းအားသည် ဆက်လက်ကျဆင်းခဲ့ကာ မကြာမီ
တစ်ချိန်ချိန်တွင် သိသိသာသာ ပြန်လည်နာလန်
ထူလာမည့် လက္ခဏာများ မရှိခဲ့ပေ။
ပြီးခဲ့သည့်လက ကြိုပွိုင့်အိမ် ၉၄၂၀ ခန်းခန့် ရောင်းထွက်ခဲ့ပြီး ၂၀၁၆ ဇန်န၀ါရီအောက်၃၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း
ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံ
ကုမ္ပဏီ Shanghai Centaline Property Consultants Co က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာတွင် ၃၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုဝင်ဘာတွင်မူ ၂၁ ဒသမ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"ရောင်းသူ၊ ၀ယ်သူ နှစ်ဖက်စလုံးက စောင့်ကြည့်မူဝါဒနဲ့ပဲ တိုးလို့သွားနေကြတာကြောင့်
ဒီရောင်းအားကျမှုက အနည်းဆုံး ၆ လလောက်တော့ ရှည်ကြာနေဦးမှာပါ" ဟု Centaline၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။ "ယေဘုယျစီးပွားရေးအခြေအနေတွေ လောက်လောက်လားလား
တိုးတက်မလာဘူးဆို စက်တင်ဘာမတိုင်ခင်အထိတော့ ရောင်းအားသိသိသာသာပြန်တက်လာနိုင်ဖို့ မမြင်ပါဘူး" ဟုလည်း ဆက်လက်ပြောကြားခဲ့သေးသည်။
၁ စတုရန်းမီတာလျှင် ပျမ်းမျှဈေးနှုန်း ယွမ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အကြား (အမေရိကန်ဒေါ်လာ ၄,၃၆၇ မှ ၇,၂၇၈ အကြား) ရှိသော ကြိုပွိုင့်အိမ်များကို အများဆုံးရောင်းချခဲ့ရ
ကြောင်း၊ ယင်းအနက် ၀ယ်သူအများစုမှာ ပိုမိုအဆင့်မြင့်သောနေအိမ်သို့ပြောင်းလဲနေ
ထိုင်ရန် ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်းလည်း လုက ပြောကြားခဲ့သည်။
ရောင်းသူများ၏ ဈေးလျှော့ရောင်းချမှုများက ၀ယ်သူများအတွက် မက်လုံးတစ်ခု လုံလုံလောက်လောက်မဖြစ်ခဲ့ခြင်းနှင့်အတူ သီတင်းပတ်တစ်ပတ်ကြာ နှစ်သစ်ကူးပွဲတော်
အားလပ်ရက်နှင့် ပြီးခဲ့သည့်နိုဝင်ဘာနှောင်းပိုင်းကတည်းက မြို့အစိုးရက အိမ်ခြံမြေစည်းမျဉ်းများ တင်းကျပ်စွာ ချမှတ်လိုက်မှုက ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်ကို
ပြီးခဲ့သည့်လက ထိုင်းမှိုင်းအေးစက်စေခဲ့ခြင်းဖြစ်သည်။
ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကစားမှုများအား ထိန်းချုပ်၍ အိမ်ခြံမြေဈေးကွက်တည်
ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်ပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ပြီးခဲ့သည့်
နိုဝင်ဘာလ ၂၈ ရက်ညက ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ ဖြစ်ရမည့်အပြင်
နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှု
အတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း
ထိုဘဏ်များအဖွဲ့အစည်းများထံမှ အိမ်ချေးငွေ လျှောက်ထားဖူးသူများအားလည်း
ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းစည်းမျဉ်းများသည် နိုဝင်ဘာ ၂၉ ရက်မှ စတင်အာဏာသက်ရောက်နေပြီဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com