ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျူးကျော် နေထိုင်သူများကို ထုတ်ပေးထားသည့် အသိအမှတ်ပြု စမတ်ကတ် ပေါက်ဈေးသည် ကျပ်သိန်း နှစ်ဆယ်ခန့်အထိ ဈေးပေါက်ပြီး အဝယ်လိုက်နေကြောင်း ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူများထံမှ သိရသည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသန စီမံကိန်းကို ဆောင်ရွက်ရန် မြို့စွန်မြို့နယ်များရှိ ကျူးကျော် နေထိုင်သူများ စာရင်း ကောက်ယူရာတွင် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများ ဦးစီး၍ အမြဲ နေထိုင်ရန် ဝယ်ယူထားသူနှင့် ငှားရမ်းနေထိုင်သူများကို ခွဲခြားကာ စာရင်း ကောက်ယူထားခြင်း ဖြစ်သည်။
ယင်းသို့ စာရင်း ကောက်ယူပြီး အသိအမှတ်ပြု စမတ်ကတ်များကို ထုတ်ပေးကာ နေထိုင်ရန် အိမ်နေရာများကို ပြန်လည် ချထားပေးမည်ဖြစ်သဖြင့် စမတ်ကတ် ရောင်းဝယ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူများထံမှ စုံစမ်းသိရသည်။
“လာဝယ်တဲ့သူတွေက ၁၅ သိန်း၊ သိန်း ၂၀ ပေးမယ် ပြောတယ်။ တခြားနေရာတွေမှာ ဒီထက်မက ပေးနေတယ် ကြားတယ်။ နည်းသေးလို့ မရောင်းသေးဘူး”ဟု လာရောက်ဈေးညှိနှိုင်းထားခံရသူ ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
အိမ်ရာ ပြန်လည် ချထားပေးရန် မြောက်ဒဂုံမြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ ဝေဘာဂီမြို့နယ်များရှိ ကျူးကျော်နေထိုင်သူများကို အိမ်ထောင်စု သက်သေခံကတ်ပြား (ကျူးကျော် စမတ်ကတ်) များကို ထုတ်ပေးထားသည်။
“ဝေဘာဂီမြို့မှာ ၂၅ သိန်း ပေါက်တယ်။ ရောင်းမယ့်သူတွေက အဲလောက်ရရင် ရောင်းမယ်လို့ ကြားတယ်”ဟု မြောက်ဥက္ကလာမြို့နယ်နေ အသက် ၄၀ ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဝယ်လက်များသည် ကြိုက်ဈေးပေး ညှိနှိုင်းနေပြီး စမတ်ကတ် ကိုင်ဆောင်ထားသူများမှာ ဥပဒေအရ အရေးယူခံရမည့် အခြေအနေကြောင့် ရောင်းချရန် စဉ်းစားနေဆဲဖြစ်ကြောင်း အဆိုပါ စမတ်ကတ် ကိုင်ဆောင်ထားသူများထံမှ သိရသည်။
အစိုးရက ဖော်ဆောင်ပေးသော စီမံချက်သည် လက်တွေ့ အကောင်အထည်ဖော်ရန် အချိန်အတိအကျ မသိရှိခြင်းကြောင့် လက်ရှိ မြေကွက်ပေါက်ဈေးများထက် လျော့နည်းသည့် ကျပ်သိန်း ၂၀ ကိုသာ ပေးဝယ်ခြင်းဖြစ်ပြီး ရွှေပေါက္ကံမြို့နှင့် ဝေဘာဂီမြို့တို့တွင်သာ အဝယ်လိုက်သည့် အခြေအနေတွင်ရှိသည်။
ထိုသို့ အမည်ပေါက်စမတ်ကတ် ရရှိသူ မိသားစုများထံမှ လက်ဗွေများ ကောက်ယူထားပြီး အိမ်ရာရရှိသည့် အချိန် အဆိုပါ မိသားစုကသာ တရားဝင် ထုတ်ယူရန် စည်းကမ်း သတ်မှတ်ထားကြောင်း စမတ်ကတ် ထုတ်ပေးသူများထံမှ သိရသည်။
ရွှေပေါက်ကံမြို့သစ်တွင် ကျူးကျော် နေထိုင်သူများကို အိမ်ရာ ပြန်လည် ချထားပေးရေးအတွက် ကျူးကျော် စမတ်ကတ်များ ထုတ်ပေးထားသော်လည်း စည်းကမ်းချက်နှင့် မညီညွှတ်ဘဲ တစ်ဆင့် ပြန်လည်ရောင်းချခြင်း ကျူးလွန်မှုရှိနေသည်ဟု ကြားသိလာပါက ထိုသို့ ရောင်းဝယ်မှု အခြေအနေများကို စုံစမ်းစစ်ဆေးကာ သက်ဆိုင်ရာ မြို့နယ် အဆင့်/ ခရိုင်အဆင့် အထွေထွေ အုပ်ချုပ်ရေးရုံးများထံ တင်ပြမည်ဖြစ်ပြီး ဌာန၏ ညွှန်ကြားချက်အတိုင်း အရေးယူမည်ဖြစ်ကြောင်း ရွှေပေါက်ကံမြို့သစ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။
“လောလောဆယ် ဥပဒေအရ စမတ်ကတ် ပြန်ရောင်း/ဝယ်တဲ့ ကိစ္စကို ဥပဒေအရ ဘယ်လို အရေးယူ ဆောင်ရွက်ရမယ်လို့ ညွှန်ကြားချက် မရသေးဘူး။ စမတ်ကတ် စည်းကမ်းချက်ပါအတိုင်းဆို ရောင်း/ဝယ်ခွင့် မပြုရလို့ ဖော်ပြထားပါတယ်။ ဒီလောက်ပဲ ကျွန်တော် ပြောနိုင်ဦးမယ်”ဟု ၎င်းကဆိုသည်။
ကျူးကျော်စာရင်း ကောက်ယူမှုပြီးသည့် မြို့နယ်များတွင် ကျူးကျော်နေထိုင်သူများကို ထုတ်ပေးထားသည့် စမတ်ကတ် လက်လွှဲ ရောင်းချသူများကို စစ်ဆေးကာ အရေးယူ ဆောင်ရွက်နိုင်ရန် ဝန်ကြီးချုပ်ထံ တင်ပြသွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
ပြည်သူတွေအနေနှင့် ကျူးကျော်နေထိုင်သူများထံမှ စမတ်ကတ်ကို ဝယ်ယူမှုများ တွေ့ရှိပါက သက်ဆိုင်ရာတိုင်း လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်မရွေး တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက် ဆိုသည်။
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအနက် မြောက်ပိုင်းခရိုင်တွင်ရှိသော လှိုင်သာယာမြို့နယ်တွင် ကျူးကျော် အများဆုံး နေထိုင်လျက် ရှိပြီး ဒုတိယ အများဆုံးမှာ အရှေ့ပိုင်းခရိုင်တွင်ရှိသည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဖြစ်ကာ ယင်းမြို့နယ်မှ ကျူးကျော်နေထိုင်သူများကို စမစ်ကတ်များ ထုတ်ပေးထားပြီဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
ကျူးကျော်စာရင်းများ ကောက်ယူကာ ကျူးကျော်ဖြစ်ကြောင်း အသိအမှတ် ပြုသည့် စမတ်ကတ် ထုတ်ပေးခြင်းကို ကနဦး စီမံချက် (Pilot Project) အရ ဒဂုံ မြို့သစ် တောင်ပိုင်းမြို့နယ်ကို စာရင်းကောက်ယူရာ အောင်မြင်ခဲ့သောကြောင့် ခရိုင် လေးခုမှ မြို့နယ် ၁၂ ခုကို ထပ်မံ စာရင်းကောက်ယူမည်ဖြစ်သည်။
ရန်ကုန် တိုင်းဒေသကြီး ခရိုင် လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး ကျူးကျော် နေထိုင်သူ ဦးရေ ၄၃၁,ဝ၅၀ ခန့်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Credit: The Voice