ဒီချုပ်အစိုးရ၏ ဒုတိယ နှစ်ဖြစ်သော ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်အတွက် အခွန်အကောက်များ ကောက်ခံမှု လျာထားချက်ကို ယခင်ဘဏ္ဍာနှစ်ထက်
ကျပ် ၂၇၀ ဘီလီယံကျော် တိုးမြှင့်ခြင်းသည် ကြုံတွေ့နေရသည့် ငွေကြေး ဖောင်းပွမှု လျှော့ချရန် နည်းလမ်း တစ်ခု ဖြစ်သည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ်ပြော ကြားသည်။
၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် အတွက် အစိုးရ၏ အခွန်ကောက် ခံရရှိမှု ပမာဏကို ကျပ် ၆,၅၀၀ဘီလီယံခန့် ရရှိရန် လျာထား သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အစိုးရက အခွန်ငွေပမာဏကို ကျပ် ၆,၂၀၀ ဘီလီယံကျော် လျာ ထားခဲ့ကြောင်း ပြည်ထောင်စု အခွန်အကောက်များ ကောက်ခံရန် လျာထားချက်၌ ဖော်ပြထား သည်။
အစိုးရက အခွန်ပိုမိုကောက် ခံ နိုင်မည်ဆိုပါက လက်ရှိကြုံတွေ့ နေရသည့် ဘတ်ဂျက် (အစိုးရဝင် ငွေနှင့် သုံးငွေစာရင်း) လိုငွေကြီး မားမှု လျှော့ချရန် အခွင့်အရေး တစ်ခုဖြစ်ပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို လျှော့ချနိုင်မည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
‘‘အရင်အစိုးရအဆက်ဆက် က အခွန်ကောက်ခံဖို့ အားနည်းခဲ့ တဲ့အတွက် ငွေကြေးဖောင်းပွမှု တွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ကြုံခဲ့ရတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ က ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို အခွန်စနစ်နဲ့ ထိန်းဖို့ ကြိုးစားလေ့ရှိတယ်’’ ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ပြောသည်။
ကောက်ခံရရှိသည့် အခွန် များကို အစိုးရက ပညာရေး၊ ကျန်းမာရေး၊ တည်ဆောက်ရေး တို့ အပါအဝင် ဝန်ထမ်းလစာ၊ စရိတ်များ ထောက်ပံ့ရခြင်းတို့တွင် ပြန်လည်ကုန်ကျခံခြင်း ကြောင့် ပြည်သူထံမှငွေကို ရယူ ပြီး ပြည်သူအတွက် ပြန်လည် သုံး စွဲပေးသည့် ပုံစံမျိုးဖြစ်သဖြင့် ငွေ ကြေးလည်ပတ်မှု ပိုမိုအားကောင်းလာသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အခွန် ကောက်ခံရာတွင်ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနိုင်ရန် အခွန်ကို တိုးမြှင့်ရန်လိုကြောင်း၊ အခွန်မဆောင်ဘဲ လုပ်ငန်းလုပ်ကိုင်မှုများ၊ ကုန်သွယ်ရေး လုပ်ကိုင်မှုများကိုလည်း စနစ်တကျ ထိန်းသိမ်းပြီး အရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရက အခွန်ကောက်ခံမှု ကြို တင်လျာထားချက်တွင် ဝင်ငွေခွန် ကျပ် ၁၀ ဘီလီယံ၊ ဆက်သွယ် ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ကောက်ခံ သည့်အခွန်ကျပ် ၄၃၃ ဘီလီယံ ကျော် ပိုရရှိမည်ဟု ပြည်ထောင်စု အခွန်အကောက်များ ကောက်ခံ ရန် လျာထားချက်တွင် ဖော်ပြ ထားသည်။
အစိုးရသစ် ပထမနှစ်တစ် ဝက် (၂၀၁၆ ဧပြီ ၁ ရက်မှ စက် တင်ဘာ ၃၀ ရက်အထိ) တွင် အစိုးရ၏ အခွန်ကောက်ခံရရှိမှုသည် မူလလျာထားချက်ထက် ကျပ်ငွေ ဘီလီယံ ၄၀၀ ကျော် ပိုမို ကောက်ခံရရှိကြောင်း မူလ လျာထားချက်သည် ကျပ် ၂,၁၄၁ ဘီလီယံကျော်ရှိပြီး အမှန်တကယ် ကောက်ခံရရှိငွေသည် ကျပ် ၂,၅၄၈ ဘီလီယံကျော် ရရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
Credit: 7Daydaily