တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၁၇ အစ ပထမဆုံးလ၌ အိမ်ဈေးများ ဆက်လက်မြင့်တက်ခဲ့သော်လည်း လူနေအိမ်ဈေးကွက်အတွက် ဈေးကွက်ဝယ်လိုအားသည် ကျဆင်းခဲ့သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ လူနေအိမ်သစ်ရောင်းချရမှုဧရိယာသည်၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် ၃၈၈,၇၀၀ စတုရန်းမီတာရှိခဲ့ပြီး ၂၀၁၆ ဇန်န၀ါရီအောက်၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေသတင်းအချက်အလက်ဝန်ဆောင်မှုကုမ္ပဏီ Shanghai Uwin Real Estate Information Services Co က ပြီးခဲ့သည့်သောကြာနေ့ (ဖေဖော်ဝါရီ ၃) တွင် ထုတ်ပြန်ခဲ့သည်။
၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၄၆,၇၈၂ ယွမ် (အမေရိကန်ဒေါ်လာ ၆,၈၁၅) ဖြင့် ရောင်းချခဲ့ရခြင်းဖြစ်ပြီး ထိုပျမ်းမျှရောင်းဈေးသည် ဒီဇင်ဘာကထက် ၁၃ ဒသမ ၆
ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂၀၁၆ ဇန်န၀ါရီကထက် ၃၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များ၏ ရောင်းလိုအားသည်လည်း ထိုင်းမှိုင်းနေခဲ့သဖြင့် ဈေးကွက်ထဲသို့ အိမ်သစ် ၃၇၁,၀၀၀စတုရန်းမီတာခန့်သာ ရောက်ရှိခဲ့သည်။ ဒီဇင်ဘာကမူ ၆၇၅,၃၀၀ စတုရန်းမီတာခန့်ကိုdeveloper များက မိတ်ဆက်ပြသခဲ့သည်။
"ရောင်းသူဝယ်သူနှစ်ဖက်စလုံးကို လွှမ်းမိုးထားတဲ့စောင့်ကြည့်မူဝါဒအနေအထားနဲ့ အားမာန်မပါနှေးကွေးတဲ့ရာသီကို ဈေးကွက်က၀င်ရောက်လာပါပြီ" ဟု ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co ၏ သုတေသနမန်နေဂျာ လုဝိန်စီကလည်း ပြောကြားခဲ့သည်။ "ဒီလိုအားပျော့မှုက ဖေဖော်ဝါရီလ
ဝက်လောက်ထိ ဆက်သွားနိုင်ပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂) တွင် ကုန်ဆုံးခဲ့သည့် သီတင်းပတ်တစ်ပတ်ကြာ နှစ်သစ်ကူးပွဲတော်အားလပ်ရက်အတွင်း ရှန်ဟိုင်းတွင် အိမ်သစ် ၉၄၉ စတုရန်းမီတာသို့မဟုတ် အိမ်ခန်း ၈ ခန်းသာ ရောင်းထွက်ခဲ့ပြီး ယခင်နှစ်သစ်ကူးပွဲတော် အားလပ်ရက်ကရောင်းအားအောက် ၇၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း Centaline ကထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com