တရုတ်အရှေ့တောင်ပိုင်းကမ်းရိုးတန်းပြည်နယ် ဖူကျန့်မှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစု ၁ ခုကနေ မွေးဖွားလာတဲ့ တရုတ်ဘီလျံနာ ဟွမ်ရူလွိန်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အသေးစားစီးပွားရေးလုပ်ငန်းရှင် ၁ ဦးပါ။ ဖိလစ်ပိုင် မြို့တော်မနီလာရှိ တရုတ်တန်း Binondo မှာ ၅ နှစ်လောက် နေခဲ့ပြီးတဲ့နောက် သူ့ရဲ့ အမိနိုင်ငံကို ပြန်ကာ ဆောက်လုပ်ရေးကုမ္ပဏီ ၁ ခုကို တည်ထောင်ပါတော့တယ်။
အခုအခါမှာ ၀န်ထမ်း ၂၀,၀၀၀ ကျော်နဲ့ အောင်မြင်နေတဲ့ တရုတ်ပုဂ္ဂလိကအိမ်ခြံမြေ development (မြေယာဝယ်ယူအိမ်ခန်းဆောက်လုပ်ရောင်းချ)ကုမ္ပဏီ Century Golden Resources Group ဖြစ်လို့နေပါပြီ။ သူ့ကုမ္ပဏီဟာ အခုဆို ပေကျင်းရှိ အဓိက Century City ဥယျာဉ်မြို့တော်အပါအ၀င် ကြယ်ငါးပွင့်အဆင့်ဟိုတယ် အလုံး ၂၀ နဲ့ ရှော့ပင်းမော ၁၀ ခုကို ပိုင်ဆိုင်ပါတယ်။ ၀င်ငွေအားဖြင့် နောက်ဆုံးရရှိထားတဲ့ အချက်အလက်အရ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၅ ဘီလျံနီးပါး ၀င်ငွေရှိခဲ့ပါတယ်။
ဟွမ်ဟာ မွေးရပ်မြေ ဖူကျန့်ပြည်နယ်မှာ နိုင်ငံရေးအဆက်အသွယ် ကျယ်ကျယ်ပြန့်ပြန့်ရှိပေမဲ့လည်း ပေကျင်းမှာတော့ မကျယ်ပြန့်သေးဘူးလို့ သူ့ကို ကောင်းကောင်းသိတဲ့ စီးပွားရေးလုပ်ငန်းရှင်သတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။
သူက ဒီအချက်ကို ဖိလစ်ပိုင်ကိစ္စနဲ့ ပြောင်းလဲလိုပုံရပါတယ်။ ဖိလစ်ပိုင်မှာ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေး ဗဟိုဌာနကြီး ၂ ခုကို ငွေကြေး ပံ့ပိုးပေးပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ တမုဟုတ်ချင်းကို ရင်းနှီးပစ်လိုက်ပါတော့တယ်။ ဖိလစ်ပိုင်မှာကလည်း မူးယစ်ဆေးစွဲသူဦးရေဟာ ၇၀၀,၀၀၀ ခန့် ရှိပေမဲ့ ဆေးဖြတ်တဲ့ဌာနတွေကတော့ အရမ်းကို နည်းနေပါတယ်။
ပြီးခဲ့တဲ့လက ဒူတာတေးရဲ့ တရုတ်ခရီးစဉ်အဆုံးမှာ ပေကျင်းရှိ Grand Hyattt ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒူတာတေးနဲ့ ဟွမ်တို့ဟာ ဒူတာတေးက အမေရိကန်နဲ့ လမ်းခွဲလိုကြောင်း၊ သူ့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒလမ်းကြောင်းကို အမေရိကန်ဘက်ကနေ တရုတ်ဘက်
ကို ပြောင်းလဲလိုကြောင်း တရုတ်ခရီးစဉ်အတွင်းမှာပဲ ကြေညာပြီးနောက်တစ်နေ့မှာ တွေ့ဆုံခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒူတာတေးကလည်း အဲ့ဒီအချိန်ကစပြီး တရုတ်နဲ့ ဆက်ဆံရေးခိုင်မာစေမှုနဲ့ ပိုပြီးလွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ဖို့ ကြိုးပမ်းလာပါတော့တယ်။
ဒူတာတေးဘက်က ကြည့်ရင် ဟွမ်ဟာ ၂ နိုင်ငံဆက်ဆံရေး တိုးမြင့်စေဖို့ အဓိကကျတဲ့ အခန်းကဏ္ဌက စီးပွားရေးလုပ်ငန်းရှင် ၁ ဦးဖြစ်နိုင်ပါတယ်။
ဟွမ်နဲ့ တွေ့ဆုံပြီးတဲ့နောက် ဒူတာတေးက သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ ဟွမ်နဲ့ တွေ့ဆုံဆွေးနွေးလိုက်ရတာကြောင့် ပိုပြီးပြည့်စုံသွားတယ်လို့ ပြောခဲ့တယ်လို့ Century Golden ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်ဟာ ဟွမ်လိုမျိုး မိတ်ဆွေတွေ လိုအပ်တယ်လို့ ဒူတာတေးက ပြောခဲ့သေးတယ်လို့လည်း ပါရှိပါတယ်။
ဒူတာတေးအတွက် ဟွမ်ရဲ့ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးဗဟိုဌာနတွေကို ပံ့ပိုးပေးမှုဟာ အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ယှဉ်ရင် ဆီနဲ့ရေ၊ နံသာဆီနဲ့အီးလို ဖြစ်နေပါတယ်။ သေဆုံးသူ ၂,၃၀၀ ကျော်နေပြီဖြစ်တဲ့ ဒူတာတေးရဲ့ မူးယစ်အကြမ်းဖက်တိုက်ဖျက်မှုစစ်ပွဲကို အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေ၊ အနောက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
ဒူတာတေးက "တရုတ်ဟာ ကြွားဝါခြင်းမရှိဘဲ အကူအညီပေးပါတယ်။ ဒါဟာ သင့်မိတ်ဆွေကို သင်ဘယ်လို ဆက်ဆံတယ်ဆိုတာပြတာပါပဲ။ အပြစ်ဖော်ဆုံးမ မနေဘူးလေ" လို့လည်း မိန့်ခွန်း ၁ ခုမှာ ပြောကြားခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)