ဗြိတိန်နိုင်ငံတွင်ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ တစ်နှစ်လျှင် ပေါင် ၃၄၃၂၀ (မြန်မာငွေ ၅၃၆၉၉၀၀၀ ခန့်) ၀င်ငွေရှိသူ တစ်ဦးအနေဖြင့် ပျှမ်းမျှပေါက်ဈေးရှိသော လူနေခန်းတစ်ခု ၀ယ်ယူရာတွင် လက်ငင်းပေးသွင်းငွေပမာဏရရှိရန် ၁၂၁ နှစ်ကြာ ငွေစုရမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိအားဖြင့် လန်ဒန်တွင် လူနေခန်းတစ်ခန်း၏ ပျှမ်းမျှ ပေါက်ဈေးမှာ ပေါင် ၄၅၇၀၀၀ (မြန်မာငွေ ၇၁၆၂၀၇၀၀၀ ခန့်-မှတ်ချက်။ အောက်တိုဘာ ၂၈ ရက်နေ့ ငွေလဲနှုန်းအရ) ခန့်ရှိသည်။
လူနေခန်းဝယ်ယူရန်အတွက် လက်ငင်းပေးချေရမည့်ငွေမှာ ပျှမ်းမျှအားဖြင့် ပေါင် ၃၂၀၅၀၅ (မြန်မာငွေ- ၅၀၁၆၂၆၀၀၀) ခန့် ရှိသည်။
လက်ငင်းပေးချေငွေရရန်အတွက် နှစ်စဉ်လစာငွေမှ ၁၀ ရာခိုင်နှုန်းကို ငွေစုမည်ဆိုလျှင် မိဘများထံမှ အကူအညီမရပါက ရာစုနှစ်တစ်ခုကျော် စုဆောင်းရမည့်သဘောဖြစ်နေသည်။
၂၀ ရာခိုင်နှုန်း ငွေစုမည်ဆိုပါက နှစ်ပေါင်း ၆၀ ခန့်ကြာမြင့်မည်ဖြစ်ပြီး လစာငွေ၏ ၅၀ ရာခိုင်နှုန်းကို စုဆောင်းမည်ဆိုလျှင်ပင် နေအိမ်ခန်း ၀ယ်ယူနိုင်ရန်အတွက် ၂၄ နှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။
သုတေသီတို့သည် လန်ဒန်မြို့တွင်း အပါအ၀င် မြို့နယ် ၃၃ ခုမှ နေအိမ်ခန်းဈေးနှုန်းအားလုံးကို လေ့လာကာ ပျှမ်းမျှဈေးနှုန်း တွက်ချက်ထားခြင်း ဖြစ်သည်။
ပထမဆုံးနေအိမ်ဝယ်ယူရန် ကြိုးစားမည့်သူတစ်ဦးသည် လစာငွေ၏ ၁၀ ရာခိုင်နှုန်းစုငွေမျှဖြင့် ကန်ဆင်တန်နှင့် ချယ်လ်ဆီးအရပ်တို့တွင် နေအိမ်ခန်းဝယ်ရန် ရည်ရွယ်ပါက လက်ငင်းပေးချေရမည့်ငွေ ပေါင် တစ်သန်းရရန် ၃၈၉ နှစ်ကြာ စုဆောင်းရမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)