ရော့ခ်အဆိုတော်ကြီး အော်ဇီအော့စ်ဘွန်းနှင့် သူ၏ မန်နေဂျာ/ ဇနီးဖြစ်သူ ရှယ်ရွန်တို့ လေးနှစ်ကြာငှားရမ်းနေထိုင်ခဲ့သော နေအိမ်ကြီးသည် ကန်ဒေါ်လာ ၂၆ ဒသမ ၉၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အော်ဇီတို့ ဇနီးမောင်နှံသည် ပြီးခဲ့သော မေလအတွင်းက လမ်းခွဲခဲ့ကြပြီးနောက်ပိုင်း ယခုအချိန်တွင် ပြန်လည်ပေါင်းထုပ်နေကြပြန်သည်။
ဂျော်ဂျီယာ ရိုးရာဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားပြီး ယခင်က တစ်လလျှင် အိမ်ငှားခ ကန်ဒေါ်လာ ၅၀၀၀၀ ဖြင့် အငှားဈေးကွက်တွင် တင်ထားခဲ့ဖူးသည်။
၁၉၅၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒီဇိုင်နာမှာ ပေါလ် အာရ် ၀ီလျံဖြစ်သည်။
ခြံဝန်းအကျယ်အ၀န်းတစ်ဧကခန့်ရှိပြီး နှစ်ထပ်နေ
အိမ်ဖြစ်သည်။နေအိမ်ရှေ့တွင် မြက်ခင်းပြင်ကျယ်ရှိပြီး
မြက်ခင်းစပ်တွင်အုတ်လှေကားဆင့်ခံထားကာ ကော်လံတိုင်လေးခုဖြင့်တည်ဆောက်ထားသောဆင်ဝင်ဆီသို့ ရောက်ရှိမည် ဖြစ်သည်။နေအိမ်ဝဲယာရှိ မှန်ပြတင်းခုံးနှစ်ခုမှာ လမ်းဘက်သို့ မျက်နှာမူထားသည်။နေအိမ်အကျယ်အ၀န်းမှာ ၅၃၈၉ စတုရန်းပေ ကျယ်ဝန်းသည်။
ညစာစားခန်းမှာ လူ ၂၀ ဦးဆန့် အခန်းဖြစ်ပြီး နံနက်စာစားခန်းလည်း ပါဝင်သည့်အပြင် စားတော်ကဲသုံး အဆင့်မြင့်မီးဖိုဆောင် ပါဝင်သည်။
ကျား၊ မ အ၀တ်အစားထားသိုခန်းများ ပါဝင်ပြီး နေအိမ်အတွင်းတွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၆ ခန်းအထိ ပါဝင်သည်။ထို့အပြင် ဧည့်ဂေဟာဆောင်တစ်ခု၊ ၀န်ထမ်းအဆောက်အအုံ နှစ်ခုလည်း ခြံဝန်းအတွင်းဆောက်လုပ်ထားသည်။
နောက်ဆုံးအရောင်းအ၀ယ်ဖြစ်ခဲ့သည်မှာ ၁၉၉၅ ခုနှစ်တွင်ဖြစ်ပြီး ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် အရောင်းအ၀ယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။
ယခုနေအိမ်ရောင်းချမှုကို စာရင်းတင်သည်မှာ Sotheby’s မှ ဖြစ်သည်။
အော်ဇီအော့စ်ဘွန်းသည် ယခုအခါ အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။သူသည် ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Black Sabbath ကိုပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။
မြန်မာနိုင်ငံတွင် အော်ဇီအော့စ်ဘွန်း၏ သီချင်းကို အဆိုတော်လေးဖြူကစုန်းမအမည်ဖြင့်
ပြန်လည်သီဆိုခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)