မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း မန္တလေးမြို့တော်စည်ပင်က တာဝန်ယူတည်ဆောက်ထားတဲ့ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာအတွက် ကြီးကြပ်ရေးကော်မတီဖွဲ့စည်းရင် ကူညီပေးမယ်လို့ ဆိုပါတယ်။
မန္တလေးမြို့တော်စည်ပင် အဆောက်အအုံနှင့် ကုန်ရုံဌာနက ဌာနမှူး ဦးဇော်ဝင်းက အဲဒီမှာ (အိမ်ရာ) နေတဲ့သူတွေက အုပ်စုဖွဲ့ပြီး ကျွန်တော်တို့ဆီ တရားဝင်စာတင်စေချင်တယ်၊ကျွန်တော်တို့က အတက်ပညာပိုင်း၊စီမံခန့်ခွဲမှုပိုင်း ကူညီပေးနိုင်တယ်၊စီမံခန့်ခွဲအုပ်ချုပ်တာတော့ အဲဒီမှာနေတဲ့သူတွေက ပြန်အုပ်ချုပ်တာ အကောင်းဆုံးပဲလို့ပြောပါတယ်။
မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာမှာ ကားပါကင်နေရာမရှိလို့ ဆိုင်ကယ်အချို့ အခိုးခံရတာ၊အိမ်ရာမှာ ဧည့်စာရင်းမတိုင်ရတာ ကြောင့် လူစိမ်းအ၀င်အထွက်ရှိတာ၊အိမ်ရာရဲ့ တိုက်ခန်းတွေမှာ ပိုင်ရှင်နေထိုင်တာက ၁၀ ရာခိုင်နှုန်းခန့်ပဲ ရှိတာကြောင့် အဲသည်မှာ နေထိုင်တဲ့ သူတွေအနေနဲ့ လုံခြုံမှုနဲ့ စည်းကမ်းရှိမှုကို မခံစားရဘူးလို့ ဆိုပါတယ်။
အဲသည်တိုက်ခန်းမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက အခန်းပေါင်း ၃၃၀၀ ကျော်က မိသားစုတွေနေတဲ့ ဒီတိုက်ခန်းတွေမှာ ရဲစခန်းလည်းမရှိဘူး၊ရဲကင်လည်းမရှိဘူး တစ်ခုခုဖြစ်ရင် သွားတိုင်မယ့် ရဲစခန်းကလည်းအဝေးကြီးတွေ၊နည်းစနစ်တကျနဲ့ ကော်မတီဖွဲ့စေချင်တယ်၊ဒီတိုက်ခန်းမှာ နေတဲ့သူတွေက ပိုက်ဆံစုပြီးပေးရရင် ပေးပါရစေ၊လုံခြုံမှုရှိပြီး စည်းကမ်းတကျ ဖြစ်စေချင်တာလို့ပြောပါတယ်။
Credit : The Modern