မန္တလေးမြို့တွင် အိမ် ရှင်များအနေဖြင့် အိမ်ငှားချထား လိုပါက စည်ပင်သာယာရေး ကော်မတီတွင် အငှားအိမ်ငှားရမ်း လုပ်ပိုင်ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားပြီးမှသာ ငှားရမ်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနယ်နိမိတ် ရှိ အိမ်ငှားရမ်းသည့် အိမ်ရှင်များ အနေဖြင့် တည်ဆဲဥပဒေ၊ နည်း ဥပဒေများအရ မည်သူ့ကိုမဆို မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံ ခြားသုံးငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြား သားထံမှ မြန်မာကျပ်ငွေဖြင့် ဖြစ်စေ၊ ငှားရမ်းခယူ၍ အငှားချထား သော လူနေအိမ်၊ အခန်း၊ ဘော်ဒါ ဆောင်နှင့် အခြားအဆောက် အအုံများ၏ အငှားအိမ်ငှားရမ်း လုပ်ပိုင်ခွင့်လုပ်ငန်း လိုင်စင်ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစ၍ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်း လိုင်စင်လျှောက်ထားရ မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီက ထုတ်ပြန်ကြေညာသည်။
‘‘အရင်က အခုလောက် ခေတ်မစားသေးဘူး။ အခုအငှားတွေက တအားများလာပြီ။ ဟိုတယ်တို့ ဘာတို့ကလည်း ကန့်ကွက်လာပြီ။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ ဘော်ဒါဆောင်တို့က သိပ်မငှားရတော့ဘူးလေ။ အိမ်တွေက နိုင်ငံခြားသားတွေ ခိုးငှားတာတွေရှိတယ်။ လိုင်စင်မလုပ် ရင် အရေးယူတော့မယ်’’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။
မန္တလေးမြို့တော် စည်ပင် သာယာရေးဥပဒေပုဒ်မ ၁၀၉(က) အရ လုပ်ငန်းလိုင်စင်ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံ ငှားရမ်း ခြင်း (သို့မဟုတ်) ဝင်းခြံမြေလွတ် ငှားရမ်း၍ အဆောက်အအုံ ဆောက်လုပ်ခြင်းတို့ကို စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိ သည်။
Credit: 7DayDaily