စင်္ကာပူအိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ပီတာလင်းသည် မန်ယူဘောလုံးသမားဟောင်းများဖြစ်သော ဂယ်ရီနဗီး၊ ရိုင်ယန်ဂစ်တို့နှင့် လက်တွဲကာ အာရှနှင့်ဥရောပတစ်လွှားတွင် ဟိုတယ်များဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဘောလုံးအားကစားကို ပုံဖော်ထုံမွှမ်းမည့် ဟိုတယ်များအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး အာရှနှင့် ဥရောပတွင် လာမည့် ဆယ်စုနှစ်အတွင်း ဟိုတယ် ၂၅ လုံးခန့် ဖွင့်လှစ်သွားရန် ရည်မှန်းထားသည်။ပီတာလင်းသည် စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Rowsley နှင့် နာမည်ကျော် ဗလင်စီယာဘောလုံးအသင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ပီတာလင်းသည် ယင်းသို့သောဟိုတယ်များသာမက ကော်ဖီဆိုင်များလည်း ကမ္ဘာတစ်လွှားတွင် ဖွင့်လှစ်ရန်အတွက် ဂယ်ရီနဗီး၊ ရိုင်ယန်ဂစ်တို့နှင့် ဆွေးနွေးလျက်ရှိသည်။
လက်ရှိအားဖြင့် ဗြိတိန်တွင် The Cafe Football အမည်ဖြင့် ကော်ဖီဆိုင်နှစ်ခု ဖွင့်လှစ်ထားပြီးဖြစ်ကာ လာမည့်နှစ်ပထမ ၃ လပတ်ကာလအတွင်း စင်္ကာပူတွင် စတင်ဖွင့်လှစ်သွားနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
Rowsley ကုမ္ပဏီသည် ပြီးခဲ့သောနှစ်အတွင်း မန်ယူအသင်း၏ အိုးထရက်ဖို့ဘောလုံးကွင်းကြီးကို စီးမိုးကြည့်မြင်နိုင်သည့် ဟိုတယ်ကြီးဖြစ်သော Hotel Football တွင် ရှယ်ယာ ၇၅ ရာခိုင်နှုန်းဝယ်ယူခဲ့ရာ တန်ဖိုးအားဖြင့် ပေါင် သန်း ၃၀ နီးပါး ဖြစ်သည်။
ယင်းဟိုတယ်ကြီးသည် ဂယ်ရီနဗီးနှင့် ရိုင်ယန်ဂစ်တို့ တည်ထောင်ခဲ့သော ဟိုတယ်လည်း ဖြစ်သည်။
အဆိုပါဟိုတယ်ကို ဘောလုံးဟန်ဗိသုကာများဖြင့် မွမ်းမံပြင်ဆင်ထားသည်။
“လာမယ့် ၁၀ နှစ်အတွင်းမှာ ဟိုတယ်ခန်းပေါင်း ၅၀၀၀ လောက် တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်” ဟု ဂယ်ရီနဗီးက ပြောကြားသည်။
ဟိုတယ်တစ်လုံးလျှင် အခန်းပေါင်း ၂၀၀ ခန့် ပါဝင်မည်ဟုလည်း နဗီးလ်က ပြောကြားသည်။
ဥရောပတွင် ဟိုတယ်ဖွင့်လှစ်မည့်မြို့များမှာ အဓိကအားဖြင့် ဘောလုံးအားကစားကို ခုံမင်ရူးသွပ်ကြသည့် မြို့များ၊ နိုင်ငံတကာတွင်
ကျော်ကြားသည့်ကလပ်အသင်းများတည်ရှိရာမြို့များတွင် အဓိကဖွင့်လှစ်သွားမည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)