လူတစ်ယောက်ရဲ့ဘ၀မှာ စားဝတ်နေရေး ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုမှာ နေရေးက အခုနောက်ပိုင်းမှာ တတိယနေရာကနေ ဒုတိယနေရာ လောက်ကို ရောက်လာတဲ့အထိ ပူပန်တွေးတောနေရတဲ့ လူတွေ အခုနောက်ပိုင်းမှာ တစ်ဖြည်းဖြည်းများလာပါတယ် ။
အိမ်ရှိလူကုန် အလုပ်လုပ်နိုင်မှ နည်းနည်းအသက်ရှုချောင်တယ် လို့ဆိုရမယ့် ယနေ့စီးပွားရေး အခင်းအကျင်းမှာ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တဲ့ အခြေခံလူတန်းစားတွေ ၊ ၀န်ထမ်းတွေ လူလတ်တန်းစား တွေကြား အခုတလော ကြားနေရတဲ့စကားလေး တစ်ခုကတော့ အသက်အရွယ်အိုမင်းရင့်ရော်လို့ သေဆုံးချိန်မတိုင်မီ အချိန်ထိ တောင် စိတ်အေးလက်အေး နဲ့ ကျောချစရာ နေအိမ်လေး တစ်လုံးပိုင်ဆိုင်ပါ့မလား ဆိုတဲ့ မေးခွန်းလေးကို ကိုယ့်ကိုယ်ကို ပြန်မေးနေတဲ့ လူတွေ အများကြီး ရှိနေပါတယ်။
စီးပွားရေးအခင်းအကျင်းအရ အိမ်ပိုင်ဖို့ မဆိုထားနဲ့ အိမ်ဌားနေဖို့တောင် အဆင်မပြေတဲ့ မိသားစုတွေ ၊ အိမ်ဌားဖို့မတက်နိုင်တဲံ အတွက် အမှန်တကယ် ကျုးကျော်တဲမှာနေနေရတဲ့ မိသားစုတွေ (ရွှေ လက်ကောက်တံတောင်လောက်ဝတ်ထားပြီး ကျုးကျော်တဲကို ဗန်းပြနေတဲ့ လုပ်စားကျုးတွေကို မဆိုလိုပါ ) ၊ မြို့သစ်တွေ မြို့ထဲလမ်းမတွေပေါ်က အဆောင်နေ ပြည်သူတွေ အားလုံး အိုးပိုင်အိမ်ပိုင်နဲ့ နေချင်တဲ့ ဆန္ဒတွေကတော့ အသီးသီးရှိကြပါတယ် ။
လူရယ်လို့ ဖြစ်လာပြီဆိုရင် အမေရိကန် အိမ်မက်လို့ဘဲ ခေါ်ခေါ် ၊ ဖဆပလ ခေတ်ကပြည်တော်သာ စီမံကိန်းလို့ ဘဲပြောပြော မိသားစုတိုင်း မိသားစု တိုင်းရဲ့ အိမ်မက်ကတော့ ကိုယ်ပိုင်အိမ် ၊ ကိုယ်ပိုင်ကားနဲ့ ၀င်ငွေအသင့်အတင့် ရှိတဲ့ ကိုယ်ပိုင်အလုပ်တွေကို လိုချင်တပ်မက်ကြမှာ သေချာပါတယ် ၊ စာရေးသူ အပါအ၀င်ပေါ့။
ခေတ်တွေ အလီလီပြောင်းခဲ့သလို စနစ်တွေလည်း အကြိမ်ကြိမ် ပြောင်းခဲ့ပေမယ့် မပြောင်းလဲ နိုင်သေးတဲ့ အမှန်တရားက တော့ ရန်ကုန်မှာ အိုးပိုင်အိမ်ပိုင် မရှိတဲ့ လူတွေရဲ့ပမာဏက ရန်ကုန်တစ်ခုလုံးမှာ ၈၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဟောပြောပွဲမှာ ပညာရှင်တွေက ဟောပြောခဲ့လို့ မီဒီယာတွေမှာလည်း အတိအလင်း ဖော်ပြခဲ့ကြပြီးပါပြီ ။
ဘယ်လို Data အချက်အလက်တွေနဲ့ ကောက်ယူခဲ့တယ်ဆိုတာ သေချာမပြောနိုင်ပေမယ့် သေချာတစ်ခုကတော့ အခြေခံလူတန်းစားတွေ ၊ လခနည်းဝန်ထမ်းတွေနဲ့ လူလတ်တန်းစားတွေ တော်တော်များများက အဆင်ပြေသလို အိမ်ဌားနေရင်နေ ၊ အခန်းတွဲမှာ နေချင်နေ ၊ဒါမှမဟုတ်ရင်တောင့် ဘော်ဒါဆောင်တွေမှာ နေနေကြရတာဖြစ်ပါတယ် ။
အိမ်လိုအပ်တဲ့ လူတွေလက်ထဲ အိမ်တွေကို ဘယ်လို ပုံစံမျိုးနဲ့ ရောက်အောင် အာဏာပိုင်တွေ ဘက်က ဆောင်ကြဉ်းပေးမလဲ ၊ ပြည်သူတွေဘက်ကကော အိမ်ရာမြေကွက်တွေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုကြိုးစားအားထုတ်သင့်သလဲ ဆိုတဲ့ မေးခွန်းကို အာဏာပိုင်တွေကော ပြည်သူတွေ အတွက်ပါ နှစ်ဦးနှစ်ဖက် စဉ်းစားပေးဖို့လိုလာပါပြီ။
ဖြစ်ပြီးခဲ့တဲ့ ပြသနာတွေ ၊ နှစ်ပေါင်းများစွာကျော်ဖြတ်ခဲ့ရတဲ့ အိမ်ရာဆိုင်ရာ မူဝါဒ အမှားအယွင်းတွေ ကို ပြန်လည်သုံးသပ် သင်ခန်းစာယူပြီး ပြည်သူတွေ လက်ဝယ်ကို စနစ်တကျ နဲ့ အိမ်ရာတွေ ရောက်အောင် ဖန်တီးဖော်ထုတ်ပေးဖို့ လိုပါတယ် ၊ ခေတ်ဟောင်းစနစ်ဟောင်းက မှားခဲ့တဲ့ အမှားတွေကို လိုက်လံထောက်ပြဝေဖန်နေလို့ အချိန်တွေ ကုန်ဆုံးစေမယ့် အစား အနာဂတ်မှာ ဘယ်လိုကောင်းအောင် လုပ်သင့်တယ်ဆိုတာကိုဘဲ စဉ်းစားတွေးခေါ်ပေးနိုင်မှသာ တိုးတက်အောင်မြင်မှု တွေရမှာ ဖြစ်ပါတယ် ။
အရင်ခေတ်စနစ်ကလို မြို့စွန်မြေကွက်တွေကို သိမ်းယူပြီး အဆင်ပြေသလို နေရာချထားပေးမယ်ဆိုပြန်ရင်လည်း ဒီမိုကရေစီ အစိုးရလက်ထက်ဖြစ်တာကြောင့် အလွယ်တကူ မြေသိမ်းဖို့ မလွယ်တဲ့အပြင် လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က တည်ဆောက်ခဲ့တဲ့မြို့သစ်တွေမှာလည်း အခုအချိန်ထိ အခြေခံ အဆောက်အအုံ မပြည့်စုံတာကြောင့် မြေကွက်သာ ရှိပြီး ပြည်သူတွေနေဖို့ အတွက်အဆင်မပြေနိုင်သေးတဲ့ ရပ်ကွက်တွေ ၊ ကားမပြောနဲ့ စက်ဘီးတောင်စီးဖို့ အဆင်မပြေတဲ့ မြို့စွန်ရပ်ကွက်တွေ အများကြီး ရှိနေဆဲဖြစ်ပါတယ် ၊ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက မြို့သစ်တည်တဲ့နည်းလမ်းဖြစ်တဲ့ မြေကွက်တွေ အကွက်ချ အခြေခံ အဆောက်အအုံတွေကို တပါတည်းဆောက်ပြီး မှ လူနေထိုင်ဖို့ လုပ်ပေးတဲ့စနစ်ကြီး ဖြစ်လာဖို့ ဆိုတာ ငွေရေးကြေးရေး အခြေအနေအရ တောင့်တင်းမှု မရှိသေးတာကြောင့် ဖြစ်နိုင်ခြေ နည်းပါးပါတယ်။
အခုတလောလူတွေကြားမှာရေပန်းစားနေတဲ့ တန်ဖိုနည်းအိမ်ရာစီမံကိန်းတွေကို ပြန်ကြည့်လိုက်မယ် ဆိုရင်လည်း အခြေခံလူတန်းစားတွေ အတွက်ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့ ကိန်းဆိုက်နေပါတယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းဝယ်ယူခွင့်ကို ထောင်ပေါင်များစွာသော လျှောက်လွှာရှင်တွေ ထဲက ၀ယ်ယူခွင့်ရခဲ့မယ်ဆိုရင်တောင် လက်ငင်းတိုက်ခန်းတန်ဖိုးကို ပေးမလား ၊ ဘဏ်နဲ့ အရစ်ကျ ချိတ်ပြီး ယူမလားဆိုတဲ့ မေးခွန်း နှစ်ခုအကြားက တစ်ခုကို ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။
နေစရာအိမ်မရှိလို့ တန်ဖိုးနည်းတိုက်ခန်း လျှောက်တဲ့လူအများစု အတွက် လက်ငင်းငွေချေဖို့ ဆိုတာ ဖြစ်နိုင်ချေ အင်မတန် နည်းပါးပါတယ် ၊ ဘဏ်နဲ့ ချိတ်ပြီး အရစ်ကျ ရှစ်နှစ်စနစ်နဲ့ ၀ယ်မယ်ဆိုပြန်တော့လည်း ဘဏ်ကို အနည်းဆုံး ပထမဆုံးအရစ် Dawn payment တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ အနည်းဆုံး ကျပ်သိန်း ၃၀ နဲ့ ကျပ်သိန်း ၄၀ ကြားသွင်းရမှာဖြစ်လို့ ငွေမသွင်းနိုင်တဲ့ မိသားစုတွေ အများကြီး ရှိတယ်လို့လည်း ဘဏ်တွေဘက်က အတိအလင်းပြောထားပါတယ် ။
ဒါကြောင့် ချေးငွေသက်တမ်းကို အခုလက်ရှိ ရှစ်နှစ်ကနေ ၁၅ နှစ်အထိ တိုးပေးဖို့ CHD လို့ခေါ်တဲ့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဘက်က စဉ်းစားပေးနေသလို အေ၇းအကြီးဆုံး တစ်ချက်ကတော့ ပထမအရစ် တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ငွေကြေးကို ဘယ်လို အဆင်ပြေအောင် လုပ်ကြမလဲ ဆိုတဲ့နည်းလမ်းကို ပါ တစ်ပါတည်း ရှာဖွေပေးရမှာဖြစ်ပါတယ် ။ တိုက်ခန်းဝယ်ယူခွင့်မဲပေါက်တဲ့ အခြေခံလူတန်းစားတွေ လခနည်းဝန်ထမ်းတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ပြသနာဖြစ်ပါတယ် ။
စင်ကာပူနိုင်ငံမှာတော့ အိမ်ရာလိုအပ်တဲ့ သူ့နိုင်ငံသားတွေ အိမ်ဝယ်မယ်ဆိုရင် အစိုးရက CPF လို့ခေါ်တဲ့ စုဆောင်းငွေတွေကနေ အတိုင်းအတာတစ်ခု အထိ အလုပ်လုပ်လို့ရအောင် လုပ်ပေးပါတယ် ၊ အလွယ်ပြောရရင် အလုပ်သမား တစ်ယောက် အလုပ်လုပ်နေတဲ့ကာလအတွင်း ရတဲ့လစာရဲ့ရာခိုင်နှုန်းအလိုက် အလုပ်သမားနဲ့ အလုပ်ရှင် အချိုးကျထည့်ဝင်ပေးရတဲ့ စုဆောင်းငွေ တစ်မျိုးဖြစ်ပါတယ် ၊ နောင်ရေးအတွက် အစိုးရက စဉ်းစားပေးထားတဲ့ မူဝါဒ တစ်မျိုးဖြစ်ပါတယ်။
ဖဆပလ အစိုးရလက်ထက်မှာ စင်ကာပူ CPF စနစ်လို အလားတူ စနစ်မျိုး လုပ်ခဲ့ဖူးတယ်လို့ ရှေ့မှီနောက်မှီ လူကြီးတွေက ပြောဖူးကြပေမယ့် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ဒီစနစ်က ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ် ၊ အလုပ်သမားရဲ့ နောင်ရေးအတွက် မျှတတဲ့စုဆောင်ငွေစနစ်တစ်ခုကို ပုံမှန်လစဉ်ဖြတ်တောက်စုဆောင်းပေးမယ့် စနစ်တစ်ခု အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။
အလုပ်သမားအလုပ်လုပ်နေတဲ့ကာလအတွင်းအလုပ်ရှင်အနေနဲ့လည် အဲဒိစုဆောင်းငွေထဲကို သူပါ အချိုးကျမဖြစ်မနေ ထည့်ပေးရမှာဖြစ်ပါတယ် ။ ဒီစနစ်ကို အကောင်အထည် ဖော်နိုင်တာနဲ့ အမျှ အလုပ်သမားတွေ ၊ ၀န်ထမ်းတွေ ရဲ့ ဘ၀နောင်ေ၇း အိမ်ရာပိုင်ဆိုင်နိုင်ရေး အခက်အခဲကို ရေရှည်မှာဒီစုဆောင်းငွေက အထိုက်အလျောက် အသက်ရှုချောင်စေမှာဖြစ်သလို နိုင်ငံတော်အတွက်လည်း ဒီစုဆောင်းငွေတွေကို လှည့်လည်သုံးစွဲနိုင်တဲ့အားသာချက် ရှိပါတယ် ။ စနစ်တစ်ခုကို နည်းလမ်းမှန်မှန်နဲ့ အကောင်အထည်ဖော်ပေးဖို့လိုပါတယ် ။ လခစား ၀န်ထမ်းများပြားတဲ့ စင်ကာပူလို နိုင်ငံမှာတော့ ဒီစနစ်က အောင်မြင်နေဆဲဖြစ်ပါတယ် ၊ လခစား ၀န်ထမ်းတွေ တင်မကဘဲ အခြေခံလူတန်းစားတွေ အများအပြားရှိနေဆဲ မြန်မာနိုင်ငံ အတွက်တော့ CPF လိုစနစ်မျိုးအပြင် အခြားသော ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ အတွက်လည်း အိမ်ပိုငဆိုင်ဖို့ တစ်နည်းတစ်ဖုံ စဉ်းစားပေးရမှာဖြစ်ပါတယ် ။
နောက်တစ်ချက်က တန်ဖိုးနည်းတိုက်ခန်းတွေကို မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးေ၇း ဦးစီးဌာနတစ်ခုတည်းက ဆောက်ပြီး ရောင်းပေးနေတဲ့ အခြေအနေကနေ ပုဂ္ဂိုလက လုပ်ငန်းရှင်တွေပါ တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးနိုင်တဲ့ အဆင့်အထိ ဘဏ်တွေ အာဏာပိုင်တွေဘက်က အားပေးကူညီဖို့လိုပါတယ် ၊ မကြာမီ အိုးအိမ်က ရောင်းမယ့် ၂၂၀၈ ခန်းဆိုတာ ရန်ကုန်အိမ်ရာလိုအပ်တဲ့ လူဦးရေ အချိုးအဆ နဲ့ ယှဉ်လိုက်ရင် ဆင့်ပါးစပ် နှမ်းပက်သလောက်ဘဲ ရှိပါတယ် ၊ အစိုးရ တစ်ခုတည်းနဲ့လည်း အိမ်ရာလိုအပ်တဲံ့ ပြည်သူတွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ တွက်ဆလို့ရပါတယ် ။
တန်ဖိုးနည်းအိမ်ရာတွေရဲ့ ဈေးနှုန်းက ကျပ်သိန်း ၁၂၀ ကနေ ၉၇ သိန်းကြားရှိတယ်လို့ အတိအလင်းအိုးအိမ်ဘက်က ပြောထားတဲ့အတွက် တစ်ချိှု့သော လူပုဂ္ဂိုလ်တွေက ဈေးများတယ် အခြေခံလူတန်းစားတွေ အတွက် လက်လှမ်းမမှီနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွတ်နေပါတယ် ၊ တစ်ဖက်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း တစ်ပေပတ်လည်ဆောက်လုပ်ရေး စရိတ်က ကျပ် ၁၅၀၀၀ လောက်အနည်းဆုံးကုန်ကျစရိတ် ရှိသလို တန်ဖိုနးည်းအိမ်ရာတွေမှာ အိမ်ဆောက်ရုံသက်သက်သာမဟုတ်ဘဲ လူနေထိုင်ဖို့ အတွက်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အတွက်ပါ ကုန်ကျစရိတ်တွေ ရှိတဲ့အတွက် လက်ရှိဈေးကွက်အနေအထားအရ အခန်းအကျယ်အ၀န်း ၊ ဒေါ်လာဈေး အပြောင်းအလဲနဲ့ တွက်ဆရင် ( ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ ၈၀ ရာခိုင်နှုန်းက ပြည်ပကနေ တင်သွင်းရတာဖြစ် ) သိပ်များလှတဲ့အနေအထားတော့ မဟုတ်ပါဘူး ။လတ်တလောမှာတော့ အမြတ်အစွန်းနည်းပါးတဲ့ လုပ်ငန်းတွေဖြစ်လို့ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကို အစိုးရကဘဲ လုပ်နိုင်တဲ့အခြေအနေ တစ်ခုကနေ ရုန်းထွတ်ဖို့လိုပါပြီ ။
ပြည်သူတွေ အိုးပိုင်အိမ်ပိုင်နဲ့ အိမ်ရာတိုက်ခန်းတွေ အမှန်တကယ် ၀ယ်နိုင်ဖို့ အတွက် ဖြေလျှော့မှုတွေ ၊ နည်းလမ်းသစ်တွေ ကို ဖန်တီးဖော်ထုတ်သင့်ပါပြီ ၊ လမ်းရိုးကြီးအတိုင်း ခေတ်ဟောင်းစနစ်ဟောင်းအတိုင်းသာ လုပ်နေအုံးမယ် ဆိုရင်တော့ အစိုးရမြေတွေဆုံးလို့ ပြည်သူတွေ အိမ်ဌားကျုးကျော်ဘ၀ နဲ့သာ ဆက်လက်ရှင်သန်ပြီး ပွဲစားလူလည်တွေ ပန်းပန် နေအုံးမှာဖြစ်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com