ရန်ကုန်မြို့တော်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဖြစ်ပေါ်ပါက ယင်း လုပ်ငန်းခွင်များကို ရပ်ဆိုင်းသည်အထိ အရေးယူနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီး တန်းအရာရှိ တစ်ဦးကပြောကြားသည်။
ယင်းသို့ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မဖြစ်ပွားစေရန် လုပ်ငန်းရပ်ဆိုင်းကာ အရေးယူမည်ဖြစ်ကြောင်းကို ခွင့်ပြုချက်ပေးစဉ်ကတည်းက စည်းကမ်းများတွင် ထည့်သွင်း ဖော်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
"ဘေးအိမ် ထိခိုက်မှု ဖြစ်လာပြီဆိုရင် လုပ်ငန်းကို ယာယီရပ်ဆိုင်းပြီးတော့ နစ်နာတဲ့ အိမ်ရှင်နဲ့ဌာနက ပြေလည်အောင်အရင် ဖြေရှင်းပေးပါတယ်။ ပြေလည်မှ လုပ်ငန်းပြန်စခွင့်ပြုတာပါ" ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ဌာနက ကြားခံညှိနှိုင်းရာတွင် ပြေလည်မှုမရရှိပါက နစ်နာသူ အိမ်ရှင်က ဆောက်လုပ်ရေးလုပ်ငန်းကို တရားစွဲဆိုရမည်ဖြစ်ပြီး ထိုကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ပြေလည်မှုရရှိပြီး ခွင့်ပြုချက် ပြန်လည်ပေးနိုင်သည့် အခြေ အနေမျိုးတွင်သာ လုပ်ငန်းလုပ်ကိုင်ခွင့် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြေလည်မှု မရရှိပါက လုပ်ငန်း အပြီးတိုင်ရပ်နားသည်အထိ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ ဘေးပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အပြီးသတ် ရပ်နားရခြင်း မရှိသေးသော်လည်း ဌာနက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း၊ ပိုင်ရိုက်ခြင်းများကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို တာဝန်ယူမှုရှိစေရန် လုပ်ငန်းလိုင်စင်ရှိသော ကုမ္ပဏီများကိုသာ ခွင့်ပြုပေးနေကြောင်း အင်ဂျင်နီယာဌာန (အဆောက် အအုံ)ထံမှ သိရှိရသည်။
Credit: The Voice