ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့ ကွာရှင်းပြတ်စဲမှုကိစ္စများ ဆောင်ရွက်နေစဉ်တွင် ပြင်သစ်ရှိ
နေအိမ်ကြီးနှင့် စပျစ်ခြံကို ပေါင် ၄၉ သန်းဖြင့် အရောင်းဈေးကွက်တင်လိုက်ကြကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကွာရှင်းမှုအပြီးမသတ်မီတွင် ပြင်သစ်ရှိ နေအိမ်ကြီးကို
ရောင်းချရန် ၎င်းတို့နှစ်ဦးအကြား သဘောတူညီမှု ရခဲ့သည်ဟု ဆိုသည်။နေအိမ်ကြီး၏ အမည်မှာ မီရာဘယ်လ်ဖြစ်ပြီး အင်ဂျလီနာနှင့်ဘရက်ပစ်တို့သည် ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် နေအိမ်တစ်လုံး ၀ယ်ယူရန်အတွက် ရဟတ်ယာဉ်ဖြင့် လိုက်လံကြည့်ရှုရာမှ ယင်းနေအိမ်ကြီးကို တွေ့ရှိနှစ်သက်ခဲ့ကြခြင်း ဖြစ်သည်။
မူလက ၃ နှစ်စာချုပ်ဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီးနောက်မှ ၀ယ်ယူခဲ့ကြခြင်း ဖြစ်သည်။
ဂျိုလီနှင့် ဘရက်ပစ်တို့သည် ယင်းနေအိမ်ကြီးတွင် ၂၀၁၄ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြသည်။
ခြံဝန်းမှာ ဧက ၁၂၀၀ ခန့်အထိ ကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။နေအိမ်အနီးတွင် သစ်တောအုပ်များ၊ သံလွင်တောများနှင့် ရေကန်တစ်ခု ၀န်းပတ်လျက်ရှိသည်။
ခြံဝန်းအတွင်းတွင် စပျစ်ခင်းများ စိုက်ပျိုးထားပြီး ကမ္ဘာကျော် Château Miraval ၀ိုင်နီများ ထုတ်လုပ်သည်။
လက်ရှိအားဖြင့် ၀ိုင်ပုလင်းများပေါ်တွင် 'Jolie-Pitt' ဟု ရိုက်နှိပ်ထုတ်လုပ်ထားပြီး လာမည့်အသုတ်တွင် ထုတ်လုပ်မည့် ၀ိုင်ပုလင်းများတွင်မူ မည်သည့်နာမည်မျှ ရိုက်နှိပ်တော့မည်မဟုတ်ဟု ဆိုသည်။
အဆိုပါနေအိမ်သည် နှစ်ဦးပူးတွဲပိုင်ဆိုင်သည့်နေ
အိမ်ဖြစ်ခြင်းကြောင့် ရောင်းရငွေကို ခွဲဝေယူမည်ဟု ယူဆရသည်။
လက်ရှိအားဖြင့်ကွာရှင်းပြတ်စဲရေးဆိုင်ရာများအပြင် မွေးစားကလေး ၆ ဦးဖြစ်သော မက်ဒေါ့ဇ်၊ ပက်ဇ်၊ ဇဟာရာ၊ ရှီလို၊ တန်နှင့် အမြွှာများဖြစ်ကြသော ဗီဗီယန်၊ နော့ဇ်တို့နှင့် ပတ်သက်၍လည်း ရှေ့နေရှေ့ရပ်များဖြင့် တိုင်ပင်လျက်ရှိကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)