မန္တလေးမြရည်နန္ဒာ အိမ်ရာက တန်ဖိုးမျှတိုက်ခန်းတွေကို ၀ယ်ယူဖို့ မိသားစု လစဉ် ပျဉ်းမျှဝင်ငွေကျပ်လေးသိန်းနဲ့ ငါးသိန်းကြား ၀င်ငွေရှိ မိသားစုဖြစ်ရမယ်လို့ မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
တန်ဖိုးမျှတိုက်ခန်းတွေကို ၀ယ်ယူသူ အိမ်ထောင်ဦးစီးက မိသားစုပျဉ်းမျှလစဉ်ဝင်ငွေကျပ် လေးသိန်းနဲ့ ငါးသိန်းကြားရှိတယ် ဆိုတာကို နိုင်ငံဝန်ထမ်းဖြစ်မယ်ဆိုရင် သက်ဆိုင်ရာဌာန အကြီးအကဲ ထောက်ခံချက်ပါရမှာ ဖြစ်သလို ကုမ္ပဏီဝန်ထမ်းဆိုရင်လည်း သက်ဆိုင်ရာဌာနအကြီးအကဲ ထောက်ခံချက်ပါရမှာ ဖြစ်ကာ ပင်စင်စားနဲ့ ၀င်ငွေနည်းပြည်သူတွေကတော့ သက်ဆိုင်ရာရပ်ကွပ် ၊မြို့နယ်အုပ်ချုပ်ရေးမှုးတို့ရဲ့ ထောက်ခံချက်ပါရှိရမှာ ဖြစ်ပါတယ်။
အခုလိုသတ်မှတ်တာကလည်းဝင်ငွေမလုံလောက်ဘဲ ဒီမှာဝင်လျှောက်ပြီး မဲပေါက်ရင် သိန်းတစ်ရာလောက်မြတ်ရင်ဆိုတဲ့ ဒီလိုလူမျိုးတွေလဲရှိတယ်၊အမှန်တကယ်နေမဲ့ သူတွေကို ရစေချင်တယ်၊ဒါကြောင့် ကန့်သက်ထားရတာ လို့မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကပြောပါတယ်။
တိုက်ခန်းတွေကို ၀ယ်ယူတဲ့အခါ တိုက်ခန်းတန်ဖိုးကို လေးလအရစ်ကျ အကျေပေးချေစနစ်နဲ့ ၀ယ်ယူနိုင်သလို ဘဏ်ချေးငွေစနစ်နဲ့လည်း ၃၀ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းအကျေပေးချေခြင်း (သို့မဟုတ်)တစ်နှစ်အတွင်းအရစ်ကျပေးသွင်းရမှာဖြစ်ပြီး ကျန်ငွေ ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေနဲ့ ရှစ်နှစ်အရစ်ကျ ပေးသွင်းကာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာလို့ သိရပါတယ်။
ဝင်ငွေနဲ့ သတ်မှတ်တော့ လူတိုင်းတော့လျှောက်ဖို့မလွယ်တော့ဘူးပေါ့၊ဘာပဲပြောပြော အရစ်ကျနှစ်ရှည်ဆိုတော့ အသက်ရှုချောင်သေးတာပေါ့ လို့ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုမျိုးကပြောပါတယ်။
မန္တလေးမြရည်နန္ဒာအိမ်ရာက တိုက်ခန်းပေါင်း ၅၆၀ ကို မဲနှိုက်တဲ့ စနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး တိုက်ခန်းဝယ်ယူဖို့ လျှောက်လွှာရောင်းချမယ့်ရက်ကို တော့ သတင်းစာတွေမှာ ကြိုတင်အသိပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရောင်းချမယ့်ဈေးနှုန်းတွေက မြေညီထပ်တစ်ခန်းကိုကျပ် ၂၂၃ သိန်း၊ပထမထပ်ကိုကျပ် ၂၀၈ သိန်း၊ဒုတိယထပ်ကိုကျပ် ၁၉၃ သိန်း၊တတိယထပ်ကိုကျပ် ၁၇၈ သိန်း၊ စတုတ္တထပ်ကိုကျပ် ၁၆၃ သိန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Credit : The Modern